စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။

စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။

ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်သူလူထုကြီးအနေဖြင့် “သေမြေကြီး ရှင်ရွှေထီး” စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဖော်၍ မိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ကိုယ်တိုင် ရုန်းကန်တော်လှန်ကြရန်လည်း အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။

#RedNewsAgency

By RNA Editor