RNA_ဧပြီ(၁၆)၊၂၀၂၄ ခုနှစ်။
စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသည် KNU ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထံသို့ ဧပြီလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက် ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
လက်နက်ချအညံ့ခံလာသော ခလရ (၁၀၃) တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး ကေအဲန်ယူ−ဘိတ်−ထားဝယ်ခရိုင် တာဝန်ရှိသူ များမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက်ထားကြောင်း၊ လက်နက်ချအညံ့ခံခဲ့ရာတွင် ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် (၆၇) လက်သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
#RedNewsAgency #RNA #RedNews