အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

RNA_ဧပြီ(၄)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ရက္ခိုင့်တပ်တော် – AA မှထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့များကို သိမ်းပိုက်ထားနိုင်သော်လည်း ရခိုင်တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ဘူးသီတောင် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကထုတ်ပြန်ထားသည်။


အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့ မတ်လ ၃၁ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၄ ဦးသေဆုံးခဲ့ကြောင်း၊ အမ်းမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကောင်စီလက်အောက်ခံများကို မကွေးတိုင်း ငဖဲမြို့နယ်အတွင်း RPA- Magway တပ်ဖွဲ့ကလည်း ဖမ်းဆီးရရှိမှု ၆ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီတပ် စစ်ရှုံးနေသည့်အတွက် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်ဟု AA ကထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor