ကယန်းပြည်သစ်ကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အခက်တွေ့နေ

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၄ ခုနှစ်။

ကရင်နီပြည်နှင့်ရှမ်းတောင်အစပ် ဖယ်ခုံမြို့နယ်အတွင်းနှင့် ပျဉ်းမနားမြို့နယ်၊ သံတောင်ကြီးအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်စိုးမိုးနယ်မြေများကြောင့် ဒေသတွင်း တော်လှန်ရေးအင်းအားစုများတိုက်ပွဲဖော်ဆောင်ရာတွင် အခက်တွေ့နေရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။

ကယန်းပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသော်လည်း စစ်ကောင်စီကို တရားဝင်ကြေညာပြီးတိုက်နေသည့်အဖွဲ့မဟုတ်ကြောင်း၊ စိုးမိုးနယ်မြေများအတွင်းရှိ စစ်ကောင်စီဂိတ်နှင့်စခန်းများကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်သည်ကို မလိုလားသည့်အနေအထားဖြစ်နေပြီး၊ စိုးမိုးနယ်မြေအတွင်း ဂိတ်များမှ တော်လှန်ရေးအဖွဲ့အစည်းများ လက်နက်သယ်ယူခြင်းနှင့် ယူနီဖောင်းဝတ်သွားလာမှုများကိုပါ မြေပြင်တွင် ကန့်သတ်မှုများပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ : ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ – KNLP


“ကယန်းပြည်သစ်ရဲ့ ဖြစ်တည်မှုကို ကျွန်တော်တို့လေးစားပါတယ်။ ဒါပေမဲ့ အခု စစ်အာဏာရှင်ကို တိုက်မယ်ဆိုလည်းတိုက်ပေါ့ တော်လှန်ရေးအဖွဲ့အစည်းဆိုရင်ပေါ့လေ။ အခုက ဒေသတွင်းမှာ အခက်တွေ့နေရတယ် သူတို့စိုးမိုးနယ်မြေတွေကနေ ဖြတ်သွားရတာတွေမှာ တော်တော်အခက်တွေ့နေတယ်။ သူတို့စိုးမိုးနယ်မြေတိုင်းလိုလိုမှာဖြစ်နေတာ ပျဉ်းမနားဘက်ကော သံတောင်ကြီးဘက်ကော ဖယ်ခုံဘက်မှာကော ဖြစ်နေတယ်။ အခုချိန်က စစ်အာဏာရှင်ကိုတိုက်တဲ့နေရာမှာ ဘာမှဟန်ဆောင်ပေါင်းနေစရာတောင်မရှိပါဘူး အခုက ပြတ်ပြတ်သားသားမရှိသလို တော်လှန်ရေးအင်အားစုတွေကိုလည်း အခက်တွေ့အောင် လိုက်လုပ်နေတာတွေရှိတယ်” ဟု တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

ကယန်းပြည်သစ်ပါတီ/ ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA) ကို၂၀၀၉ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ်ပြောင်းသည်ဟု ကြေညာခံရသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ ရပ်တည်ခဲ့ကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရကယန်းဒေသပေါ်ထွန်းရေး၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ပြည်ထောင်စုစစ်စစ် ခေတ်မီနိုင်ငံထူထောင်ရေး၊ (၄) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုသည့် ရည်ရွယ်ချက်များရှိနေသေးသည်။

ဓာတ်ပုံ : ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ – KNLP

ကယန်းပြည်သစ်ပါတီ/ ကယန်းပြည်သစ်တပ်မတော်အနေဖြင့် အကြမ်း ဖက်အာဏာသိမ်းစစ်တပ်ကို တရားဝင်ကြေညာပြီး တိုက်ခိုက်မှုများမရှိသော်လည်း စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်အတွင်းက ကယန်းပြည်သစ်ဂိတ်စခန်းတချို့နှင့် ဒေသခံပြည်သူများရှိသည့် ကျေးရွာများကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ယနေ့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသည့်အခါတော်လှန်ရေး အင်အားစုများက ဒေသတွင်း စစ်ကောင်စီဂိတ်နှင့် တပ်စခန်းများကို နိုင်ငံအဝန်းတိုက်နေသော်လည်း ကယန်းပြည်သစ်ပါတီစိုးမိုးနယ်မြေအတွင်းနှင့် နီးစပ်သည့်နေရာမှ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ရန် အခွင့်သာနေချိန်ဖြစ်သော်လည်း ကယန်းပါတီကခွင့်မပြုသည်များရှိကြောင်း၊ ကယန်းပြည်သစ်ပါတီသည် စစ်ကောင်စီနှင့်အဆင်ပြေအောင်နေသည့်အနေအထားတွင်ရှိပြီး​ တော်လှန်ရေးအင်အားစုများနှင့်လည်း ပြဿနာမတက်လိုသည့် ကြားနေအဖြစ်ရှိနေရာမှ ယခု စစ်ကောင်စီဘက်ကို ပိုမိုအဆင်ပြေအောင်နေသည့်အနေအထားဖြစ်နေသည်ဟု ကယန်းပြည်သစ်စိုးမိုးနယ်မြေနှင့် အနီးတဝိုက်ရှိ တော်လှန်ရေး ရဲဘော်တချို့က ပြောကြားထားသည်။

ဓာတ်ပုံ : ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ – KNLP

#RedNewsAgency

By Editor