ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့ “မသေချင် အလံဖြူထောင်” ဆိုတဲ့ ရခိုင်စစ်မျက်နှာ 

ရခိုင်-ချင်းဒေသအစပ်ရှိ ပလက်ဝဒေသကို ထိန်းချုပ်လိုက်နိုင်တဲ့နောက်မှာ မကွေးတိုင်းအတွင်းရှိ အညာတပ်ပေါင်းစုတွေဆီကို လက်နက်ခဲယမ်းစီးဆင်းဖို့ လမ်းကြောင်း ပိုမိုပွင့်လာနိုင်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်ဖွဲ့များ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ…………. 

မောင်ဝိ 

စစ်ကောင်စီတပ်စွဲထားတဲ့ မီးဝဗျူဟာစခန်းကုန်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AAမှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်။ ဒီနောက်တော့ ပလက်ဝ ဒေသတခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAမှ ထုတ်ပြန်ထားတား အားလုံးအသိဖြစ်ပါလိမ့်မယ်။ 

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစတင်ပြီး ပလက်ဝဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ထရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ ၂ ခုစလုံးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဒီဇင်ဘာလ အစပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်။

တဆက်တည်းမှာပဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ပလက်ဝ အထက်ပိုင်းရှိ ရှင်းလက်ဝဗျူဟာစခန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာတော AA တပ်ဖွဲ့မှ ပလက်ဝဒေသတခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်။ ပလက်ဝဒေသအတွင်း စစ်ကောင်စီရဲ့ စခန်းကုန်းတချို့ ပြန့်ကျဲ ရှိနေသေးပေမယ့် ပထဝီအရ အရေးပါတဲ့ ကုလားတန်မြစ်ကြောင်း တလျှောက်မှာတော့ စစ်ကောင်စီရဲ့ အချက်အချာကျတဲ့ ဗျူဟာကုန်းတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်တယ်။

ရခိုင်ပြည်နယ်အတွင်းက လက်ရှိ တိုက်ပွဲတွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို ဦးတည်လာနိုင်သလို၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စပ်ဆက်နေတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဟာလည်း အရေးကြီးတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာကြောင်းနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောထားပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်နိုင်တာဆိုလို့ လေကြောင်း တိုက်ခိုက်မှုနဲ့ ရေတပ်ကနေ အမြောက်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေပဲ တတ်နိုင်ပါတော့တယ်။ တကယ်တမ်းလည်း ရခိုင်ဒေသမှာ စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနိုင်တာ ရေတပ်တခုပဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာ ရေတပ်စစ်ဦးစီးချုပ် မိုးအောင်ကို ရုပ်ချဥ်း ရာထူးပြောင်းရွှေ့လိုက်တာဟာ တိုက်ပွဲတွေအတွင်း ရေတပ်က ထိထိရောက်ရောက် မပါဝင်ပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ပလက်ဝဒေသဟာ စစ်ရေးအရဆိုတာထက် နိုင်ငံရေးအရ၊ စီးပွားရေးအရလည်း အတော်ကိုအရေးပါပါတယ်။ ပလက်ဝကိုရရှိခြင်းဟာ စစ်ကောင်စီအဓိက လုပ်ဆောင်နေတဲ့ အိန္ဒိယမြန်မာ ကုလားတန်ဘက်စုံ ဖွံဖြိုးရေးစီမံကိန်းကို AA တပ်ဖွဲ့က ထိန်းချုပ်လိုက်နိုင်တယ်လို့ ဆိုနိုင်သလို စစ်ကောင်စီအနေနဲ့ စီးပွားရေးလုပ်ငန်းအတော်များများ လက်လွှတ်ရတော့မှာပဲဖြစ်တယ်။ ဒီအတွက် စစ်ကောင်စီအနေနဲ့ တပူပေါ် နှစ်ပူဆင့် နိုင်ငံခြားဝင်ငွေအများကြီး ဆုံးရှုံးမှာပဲ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယမြန်မာ စီမံကိန်းစမယ်ဆိုရင် အိန္ဒိယအနေနဲ့ ရက္ခိုင့်တပ်တော် AAနဲ့ အဓိက ပြောဆိုဆက်ဆံရမှာပဲ ဖြစ်တယ်။ 

ဒါ့အပြင် ဒီဒေသကို AA တပ်ဖွဲ့ ထိန်းချုပ်နိုင်ခဲ့ခြင်းရဲ့နောက်ကွယ်မှာ တရုတ်ရဲ့ အကူအညီသာပါခဲ့မယ်ဆိုရင် အမေကျော်ဒွေးတော်လွမ်းပြီး ရုရှားကို ခြံခုန်ချင်နေတဲ့ စစ်ခေါင်းဆောင်ကို တကွက်ပြလိုက်တယ်လို့ဆိုရမှာပါ။ ပလက်ဝတည်ရှိ ရာနေရာဟာ အိန္ဒိယမြန်မာဘင်္ဂလားဒေရှ့်နယ်စပ် ဆုံရာဒေသဖြစ်ပြီး နိုင်ငံရေးအရလည်း စစ်ကောင်စီအနေနဲ့ အရှက်ရစရာဖြစ်လာပါတယ်။ 

အခုလို အချက်အခြာဒေသတခုကို AA တပ်ဖွဲ့က ထိန်းချုပ်လိုက်နိုင်တာဟာ တော်လှန်ရေးအပေါ် အများကြီး အကျိုးသက်ရောက်တယ်လို့လည်း ဆိုချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီ အာဏာသိမ်းပြီးအချိန်ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့  AAဟာ စစ်အာဏာရှင်ဖြုတ်ချရေး တူညီတဲ့ရည်ရွယ်ချက်ရှိခဲ့သလို တော်လှန်ရေးအပေါ် ကန်လန့်ကာ နောက်ကွယ်ကနေ ထောက်ပံ့ကူညီပေးနေခဲ့တာ ဖြစ်တယ်။

အသိသာဆုံးဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း AA တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ တည်ထောင်ခွင့်မပေးတာကလွဲရင် တော်လှန်ရေးအင်အားစုတွေအပေါ် စစ်ပညာ၊ လက်နက်စတဲ့ထောက်ပံ့မှုမျိုး ရှိခဲ့ပါတယ်။ ထိုအထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကျောင်းသားလက်ရုံးတပ်တော် (ရန်ကုန်)၊ မကွေးဒေသရှိ တော်လှန်ရေးအင်အားစုများအချို့နဲ့ မင်းတပ်ဒေသရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း ပါဝင်ပါတယ်။ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေလည်း AA နှင့်ပူးပေါင်းပြီး တိုက်ပွဲဝင်နေကြတာရှိပါတယ်။ 

ဒါ့ကြောင့် အခုလို ရခိုင်ချင်းဒေသအစပ်ရှိ ပလက်ဝဒေသကို ထိန်းချုပ်လိုက်နိုင်တဲ့နောက်မှာ မကွေးတိုင်းအတွင်းရှိ အညာတပ်ပေါင်းစုတွေဆီကို လက်နက်ခဲယမ်းစီးဆင်းဖို့ လမ်းကြောင်း ပိုမိုပွင့်လာနိုင်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်ဖွဲ့များ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

အခုချိန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီအတွက် အကျပ်တည်းဆုံး အချိန်ကိုရောက်ရှိလာသလို၊ စစ်တိုက်ဖို့ လူအင်အားလိုအပ်ချက်ဟာလည်း အမြင့်မားဆုံးအနေအထားမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်တပ်ဟာ စိတ်ရှိတိုင်းတိုက်ပွဲမဝင်နိုင်တာတွေ့ရပါတယ်။ တဖက်မှာလည်း နေပြည်တော်ကို ပိတ်ဆိုလာနိုင်တဲ့ ပဲခူးတိုင်းအတွင်း PDF စိမ့်ဝင်မှုကို နောက်ကျောမလုံတဲ့အတွက် ပြည်သူ့စစ် အတင်းအဓမ္မစုဆောင်းနေတာတွေရှိပါတယ်။ 

ရှမ်းမြောက်ဒေသအတွင်းမှာဆိုရင်လည်း တရုတ်ရဲ့ဖိအားကြောင့်သာ ငြိမ်းချမ်းရေးလုပ်ရပေမယ့် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုမရှိတော့တဲ့အနေအထားပါ။ ဒီအချိန်မှာ ရှမ်းမြောက်ဒေသရှိ ခလရ (၁၂၃) တပ်ရင်းကို KIA/PDF တပ်များမှ တိုက်ခိုက်ခဲ့သလို၊ ကချင်ပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ရင်းတွေကို စစ်ရေးအရ ဖိအားပေးနေတာတွေ့ရပါတယ်။ ဒါ့အပြင် ကရင်နီနဲ့ ချင်းတော်လှန်ရေးအင်အားစုများကလည်း နယ်မြေရဲ့ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်မှုအပေါ် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တည်ဆောက်နေတာတွေ့ရပါတယ်။

တော်လှန်ရေးအင်အားစုမှ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေဟာ လက်ရှိ (၃၁) မြို့အထိရှိလာသလို၊ တိုက်ပွဲတွေလည်း အလယ်ပိုင်းဒေသရှိ စစ်ကိုင်း၊ မကွေးအပါအဝင် မန္တလေးတိုင်းအတွင်းမှာပါ ပိုမို အားကောင်းလာပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားတာကို နှလုံးသွင်းသင့်ပါတယ်။ အဲဒါကတော့  မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်ဆိုတာပါပဲ။ 

အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်တွေအတွက် ဘက်ပေါင်းစုံကနေ ပြင်းပြင်းထန်ထန် ထိုးနှက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ အလံဖြူထောင်တာက အသက်မသေဖို့ အာမခံချက်ရှိတာ ရွေးချယ်ဖို့ အခွင့်အရေးပေးထားတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေက စစ်ကိုလိုလားတာမဟုတ်သော်ငြား လက်နက်ကိုင်တော်လှန်ရေးရဲ့ သဘောတရားအရ အမြစ်ပြတ်အောင် ဖြတ်ကြမှာဖြစ်လို့ အချိန်မီ ပြည်သူ့ဘက်ပြောင်းဖို့ အခွင့်အရေးရှိသူတွေအတွက် အခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း အကြံပေးလိုက်ပါရစေ။ ။ 

By Editor