တပ်မမှူးအဆင့်တွေ အဖမ်းခံရပြီးနောက် ဖွဲ့စည်းပုံပျက်လာတဲ့ စစ်ကောင်စီ

“ရှေ့မှာလည်း “သေရဲ သတ်ရဲ တိုက်ရဲ” ပါတယ်ဆိုတဲ့ ခြေလျင်ခြေမြန် တပ်ရင်းတွေတောင် ခနအတွင်း ကျသွားခဲ့ရတာမျက်မြင်ပါပဲ။ ဒီအခြေအနေမှာ သံဘိုကာကင်းစခန်းကလို စစ်မတိုက်တတ်တဲ့ စက်မှုလက်မှုကထိက ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ခေါင်းဆောင်တင်ပြီးပြင်ဦးလွင်က သင်တန်းသားတွေနဲ့ စစ်တိုက်တဲ့ပုံစံမျိုးကတော့ ရှေ့ဆက်လည်း ရှုံးနိမ့်မှာအသေအချာပါ”

မောင်ဝိ

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစ အစောပိုင်းအချိန်မှာ ပြည်သူလူထုတရပ်လုံး စစ်တပ်ကြောင့် ဒုက္ခတွေအသီးသီးရောက်ကြပေမယ့်။ စစ်တပ်နဲ့ ပတ်သတ်တဲ့ အသိုင်းအဝိုင်းတွေကတော့ လုပ်ပိုင်ခွင့်ပေါ်မူတည်ပြီး အကျိုးမြတ်များစွာရရှိခဲ့တာ အားလုံးအသိပါ။ ဒါ့ကြောင့်ပဲ မင်းအောင်လှိုင်လုပ်သမျှ မျက်စိစုံမှိတ်ပြီး “ဘုရားဒကာကြီး” ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး လုပ်စားနေကြတာပါ။

လက်နက်ကိုင်တော်လှန်ရေး စချိန်တုန်းကဆိုရင် ပြည်သူတရပ်လုံးတော်လှန်ရေးအတွက် အားစိုက်ကြတယ်။ တော်လှန်ရေးရဲဘော်တွေကလည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူးစတဲ့ အဆင့်တွေလောက်ကိုသာ ရှင်းလင်းနိုင်ခဲ့ကြတယ်။ ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး) အဆင့်ရှိသူတွေကို ရှင်းလင်းနိုင်တယ်ဆိုတာကလည်း မရှိသလောက်ရှားပါးခဲ့ပါတယ်။

အာဏာသိမ်းကာလ (၃) နှစ်တာကာလကို ရောက်ရှိလာချိန်မှာ ပြည်သူလူထုတရပ်လုံးသာမက၊ စစ်တပ်ထောက်ခံသူ လူတစုကပါ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် အမြင်ပြောင်းလဲလာတာတွေ့ရတယ်။ ဒါကတော့ နွေဦးတော်လှန်ရေးကာလအတွင်း အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ “၁၀၂၇” စစ်ဆင်ရေးကြောင့်ပဲ ဖြစ်တယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ရှမ်းမြောက်ဒေသတခုထဲမှာပဲ စခန်းကြီးငယ် ၃၀၀ ကျော်အပါအဝင်၊ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၃၀ ကိုပါ လက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အမိန့်ပေးစနစ်မှာ အရေးကြီး အရာရှိတွေဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်တွေအထိ တိုက်ပွဲကျခြင်း၊ စခန်းစွန့်ခွာခြင်း၊ ဖမ်းဆီးခံရခြင်းတွေကို ဆက်တိုက်မြင်တွေ့လာရပါတယ်။ အသိသာဆုံးဆိုရင် ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (တပ်မ ၉၉ တပ်မမှူး)၊ ဗိုလ်မှူးကြီး တင်အောင်မိုး (စကခ ၁၇၊ စကခမှူး)စတဲ့သူတွေအပါအဝင်ပဲ ဖြစ်တယ်။ စစ်ကောင်စီတပ်အတွင်း အခုလို ရာထူးရှိသူတွေဟာ တပ်ရင်း၊ တပ်မတွေကို ကွပ်ကဲရသူတွေ၊ ခံ၊ခွာ၊ချီ၊တိုက် စတဲ့ စစ်ဗျူဟာကို စစ်ဦးစီးတက္ကသိုလ် (ဥစတ)၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တွေကနေ သင်ယူထားသူတွေလို့ ဆိုရပါမယ်။

ဒါ့အပြင် အခုလို ရာထူးအဆင့်အတန်းတွေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ဒုချုပ်စိုးဝင်းစတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေနဲ့ အောက်ခြေတပ်တွေကို ချိတ်ဆက်ပေးရပြီး၊ တိုက်ရိုက် အမိန့်စီးဆင်းသူတွေလို့ဆိုနိုင်ပါတယ်။ ဒီလိုမျိုး ဗိုလ်မှူးချုပ်အဆင့်တွေအထိ ဖမ်းဆီး၊ ကျရှုံးများလာတဲ့ နောက်မှာတော့ စစ်တပ်ဟာ ခါးဆက်ပြတ်လာတာတွေ့ရပါတယ်။ ဘာ့ကြောင့်လဲဆို​တော့ စစ်ခေါင်းဆောင်အနားမှာရှိကြတဲ့ ဒုချုပ်စိုးဝင်း၊ ကစထမှူးများအနေနဲ့ လက်ရှိမှာ မြေပြင်ကိုဆင်းပြီး တိုက်ပွဲတွေမှာ ကွပ်ကဲနေပေမယ့်၊ ရာထူးအဆင့်အတန်းကွာဟမှုများ၊ မြေပြင်တပ်ရင်းတွေနဲ့ အလှမ်းကွာဝေးလာတာကြောင့် ထိရောက်မှုမရှိတာလို့ သိရတယ်။

အခုဆိုရင် ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တိုက်ပွဲမှာ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးရရှိခဲ့ပါတယ်။ စစ်တက္ကသိုလ်အပတ်စဉ်-၄၀ ကျောင်းဆင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ၈ လပိုင်းမှာ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကို တပ်မမှူးအဖြစ် ပြောင်းလာတယ်လို့ သူ့ရဲ့ အင်တာဗျူးမှာဖြေဆိုထားပါတယ်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ တပ်မမှူးတာဝန် မထမ်းဆောင်ခင်အချိန်ထိ စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) တာဝန်နဲ့ နေပြည်တော်မှာ (၄) နှစ်ခန့် တာဝန်ထမ်းခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီအချက်တွေအရ မင်းမင်းထွန်းအနေနဲ့ နေပြည်တော်က စစ်ကောင်စီရာထူးအကြီးပိုင်းတွေဖြစ်တဲ့ မင်းအောင်လှိုင်စတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ တိုက်ရိုက် စကားပြောဆိုဆက်ဆံဖူးသူလို့ ယူဆလို့ရပါတယ်။ အဲ့ဒီလို ဗိုလ်မှူးချုပ်တယောက်ကို ဖမ်းဆီးရမိခြင်းက တော်လှန်ရေးတိုးတက်မှုကို ပြသရာရောက်သလို၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကျဆင်းမှုကို မြင်သာစေပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသမှာဆိုရင် အကျအရှုံးများပြား​နေတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့အကူအညီနဲ့ မြောက်ပိုင်း (၃) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားခဲ့ပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့မှလည်း အခြေအနေတွေကြောင့် ရပ်တန့်ရတာဖြစ်တယ်လို့ ဇန်နဝါရီ ၁၃ ရက်​နေ့မှာ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်ထားပေမဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် တိုက်ပွဲဆက်ဖြစ်နေပါတယ်။ တကယ်တော့ စစ်တပ်ရဲ့အခြေအနေဟာ “ခြေစွမ်းသာနေတဲ့ ဘောလုံးအသင်းနဲ့ ကန်ရသလိုပါပဲ၊ ကျရှုံးခါနီးတိုင်း လူစားလဲတယ်၊ ထပ်ကန်တယ်၊ ထပ်ရှုံးတယ်၊ ရှေးတုန်းကသူတွေရဲ့ အောင်မြင်မှုကို တမ်းတတယ်” ဒီလိုမျိုးအခြေအနေပါ။

အခုဆိုရင် ပြင်ဦးလွင်မြို့နယ်အပါအဝင် နိုင်ငံတဝန်း သင်တန်းတက်ရောက်နေတဲ့ စစ်သားတွေကိုတိုက်ပွဲဝင် စီမံချက်ရေးဆွဲခြင်း၊ စစ်မတိုက်ရတဲ့ ရေတပ်၊ လေတပ်၊ ကပစများ အထိုင်တပ်ရင်းများမှ အသက် (၄၀) အောက် စစ်သားတွေအကုန် စစ်တိုက်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

စစ်တပ်က ဘယ်လိုပဲ ပြင်ဆင်စုဖွဲ့မှုတွေ လုပ်နေပါစေ၊ ရှေ့မှာလည်း “သေရဲ သတ်ရဲ တိုက်ရဲ” ပါတယ်ဆိုတဲ့ ခြေလျင် ခြေမြန်တပ်ရင်းတွေတောင် ခနအတွင်း ကျသွားခဲ့ရတာမျက်မြင်ပါပဲ။ ဒီအခြေအနေမှာ သံဘိုကာကင်းစခန်းကလို စစ်မတိုက်တတ်တဲ့ စက်မှုလက်မှု ကထိက ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ခေါင်းဆောင်တင်ပြီး၊ ပြင်ဦးလွင်က သင်တန်းသားတွေနဲ့ စစ်တိုက်တဲ့ပုံစံမျိုးကတော့ ရှေ့ဆက်လည်း ရှုံးနိမ့်မှာအသေအချာပါပဲ။

တကယ်တမ်းစစ်တပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ “ပိရမစ်” ပုံစံမျိုးဖြစ်ပြီး၊ ရှေ့တန်း စစ်မြေပြင်မှာ အဓိက ကွပ်ကဲပြီး၊ ခေါင်းဆောင်နေရတဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး စတာတွေကိုယ်တိုင် အဖမ်းခံရသူ၊ ကျရှုံးသူတွေများပြားလာတဲ့နောက်မှာတော့ အထက်နဲ့အောက်ကို ထောက်ပေးထားတဲ့ လည်ပင်းမရှိတဲ့ လူတယောက်လိုဖြစ်နေပါပြီ။ ဒါတွေဟာ အဆင့်ဆင့် ကွပ်ကဲထားတဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းရဲ့အခြေအနေဖြစ်ပြီး၊ များမကြာခင် စစ်တပ်ဟာ အထက်နဲ့အောက် ချိတ်ဆက်မှု၊ ကွပ်ကဲမှု အားနည်းလာတာတွေကို ပိုမိုတွေ့မြင်ရမှာဖြစ်ပြီးတော့ အာဏာရှင်ရဲ့နိဂုံးကတော့ ပိုပြီးပီပီပြင်ပြင် မြင်လာရတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

#RedNewsAgency

By Editor