ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို ” ဟိုင်ဂင်သဘောတူညီမှုများ” အမည်ဖြင့် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

“ညီနောင် (၃) ဖွဲ့၏ “ယခင်” နှင့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း သိမ်းပိုက်ထားသော ရှမ်းမြောက် ဒေသအတွင်းရှိ စစ်ဆင်ရေးနယ်မြေများ၌ စစ်ကောင်စီနှင့် မိမိတို့ကြား နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများ၊ ထိုးစစ်များ မရှိခဲ့သော်လည်း မိမိတို့၏ အရပ်သားပြည်သူများနှင့် ရပ်ရွာများအား ရန်သူသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိဘဲ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်။ ထို့အတူ ဤနေ့သည် “ဟိုင်ဂင်သဘောတူညီမှု” အရ “ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်” ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသတွင်း တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ကျေးရွာတွင် အရပ်သားပြည်သူလူထုအား ဦးတည်ပစ်မှတ်ထား၍ စစ်ကောင်စီဘက်မှ လေကြာင်းတိုက်ခိုက်မှု (၅) ကြိမ်အပါအဝင် နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်မဲမြို့နယ်၊ ပါးပုတ်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့်လည်းကောင်း၊ မိုးကုတ်မြို့နယ်၊ လားရှိုးမြို့နယ်တို့တွင်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောဘက်သို့ဦးတည်လာသည့် နေဗီသင်္ဘော ၂ စီးမှလည်း မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ သဘောတူညီချက်များထဲတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး၊ စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ်များ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြောင်း၊ နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။


#RedNewsAgency

By Editor