စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

“အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာ”

မောင်ဝိ

နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရေးတိုးတက်လာမှု၊ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကိုပြောပါဆိုရင် “၁၀၂၇” စစ်ဆင်ရေးကို ပြောရပါမယ်။ အဲ့ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို ကြုံသလိုတိုက်ခိုက်တာမဟုတ်ပဲ ဗျူဟာမြောက် ထိုးစစ်ဆင်နေခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင်

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအပြင်၊ မြဝတီ- ကော့ကရိတ် လမ်းမတွေကိုပါ ထိန်းချုပ်လာနိုင်တာတွေ့ရတယ်။

ဒီနေရာမှာ မေ့ထားလို့မရတာက စစ်ကောင်စီတပ်တွေ ကြောက်ရွံ့လာတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အတွင်းက ရက္ခိုင့်တပ်တော်- AA အကြောင်းပဲ ဖြစ်တယ်။ ဒီထဲကမှ စစ်တပ်အာဏာမသိမ်းခင်က ရခိုင်ပြည်အတွင်းက တိုက်ပွဲ အခြေအနေတချို့ကို ခလရ (၃၅) ရဲ့ တပ်ကြပ်ကြီး ပြောပြလို့ သိခွင့်ရခဲ့တယ်။

ဖြစ်စဥ်က၂၀၂၀ ပြည့်နှစ်၊ ၁၂ လပိုင်း ၊၂၆ ရက်နေ့မှာ ခလရ (၃၅)၊ ခလရ (၁) နဲ့ နယ်မြေခံ စစ်ကောင်စီတပ်ရင်း (၁)ရင်းတို့ဟာ အမ်းမြို့နယ်ကနေ AA တပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ နေရာတွေကို ချီစစ်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန် အမ်းမြို့နယ်နဲ့ စညှင်းရွာကြား၊ မြေပုံမြို့နယ်အစပ်မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။

အဲဒီ တိုက်ပွဲအတွင်း ရှေ့ဆုံးကနေ ချီစစ်ဆင်တဲ့ ခလရ (၁) တပ်ရင်း တစ်ရင်းလုံးဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး ကစဥ့်ကလျားထွက်ပြေးသွားခဲ့ကြတယ်။ ဒါဟာ အာဏာမသိမ်းခင်အချိန် စစ်ကြောင်း တခါထိုးရင် တပ်ရင်း (၃) ရင်းခန့်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့တဲ့ အချိန်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေပဲဖြစ်တယ်။

ဒီနောက်မှာ​တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်းစစ်ကောင်စီလက်အောက်ခံ ခလရ (၃၅) နဲ့ ခလရ (၁၀၈) တပ်ရင်း (၂) ရင်း ဟာ ရက္ခိုင့်တပ်တော် AA တပ်စွဲထားတဲ့ ဘဲဥကုန်း ခေါ် (၄၀၅ ကုန်း)ကို ၃ လနီးပါး ရင်ဆိုင် ဝိုင်းတိုက်ခဲ့ရဖူးပါတယ်။ ရင်ဆိုင်ထားချိန်အတွင်း စစ်တပ်ကပဲ အကျအရှုံးများစွာနဲ့ ထွက်ပြေးခဲ့ရဖူးတယ်။

တိုက်ပွဲအတွင်း စခန်းကုန်းများစွာကို AA တပ်ဖွဲ့ဝင်တွေက တောင်ကုန်းတွေကြားက အင်အားအလုံးအရင်းနဲ့ ညာသံပေးပြီး ကျားထိုးကာ ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီရဲ့ တပ်ရင်း (၂) ရင်းလုံး ကစဥ့်ကလျားနဲ့ ထွက်ပြေးခဲ့ကြရတယ်လို့ ခလရ (၃၅) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီးက ပြောပြပါတယ်။ ဒီနောက်တော့ ရက္ခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီတို့ တနှစ် အပစ်အခတ် ရပ်စဲခဲ့တာဖြစ်တယ်။ ဒီတိုက်ပွဲတွေဆိုရင် စစ်တပ်က အင်အားရှိနေချိန်အတွင်း ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေပဲ ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာတော့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက ရက္ခိုင့်တပ်တော် – AAရဲ့ အင်အားဟာ အဆမတန်များပြာလာခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ကိုးကန့်က မြို့သိမ်းတိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေမှာ AA တပ်ဖွဲ့ဝင်တွေ အောင်ပွဲခံနေတဲ့ ရုပ်သံတွေကို အားလုံးမြင်ပြီးဖြစ်ပါမယ်။ ဒါက ရှမ်းမြောက်က တိုက်ပွဲတွေအတွင်းမှာ ဖြစ်ပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ ရှမ်းမြောက်အပြင် KIA နဲ့ ပူးတွဲပြီးလည်း စစ်တိုက်နေသလို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးလည်း မြို့တွေသိမ်းနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းအတွင်းစစ်ရေးတွေမှာလည်း AA ပါနေပါတယ်။

စစ်တပ်အာဏာစသိမ်းပြီး မကြာခင် ၂၀၂၁ ခုနှစ်ထဲက တိုက်ပွဲများငြိမ်သက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ရသေ့တောင်မြို့နယ် အငူမော် နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာတည်ရှိတဲ့စစ်ကောင်စီရဲ့ ဒုံးပိုက်နဲ့ချိန်ခါလီ နယ်ခြားစောင့် စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်က စတင်ပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်ခဲ့ပါတယ်။

တဆက်တည်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း ပေါက်တောမြို့နယ်၊ ပေါက်တောမြို့မ ရဲစခန်းကိုလည်း AA မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ချအညံ့ခံသူတွေထဲက တစ်ဦးကို ခရီးစရိတ်ကျပ်ဆယ်သိန်းစီ ပေးအပ်ပြီး လုံခြုံရာ ပို့ထားပြီးဖြစ်တယ်လို့လည်း AAက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီလို ပေါက်တောမြို့မရဲစခန်းကို AAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ထိုနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ ပေါက်တောမြို့ကို ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်တာတွေ၊ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့မြို့ကိုပစ်ခတ်တာတွေကိုပြုလုပ်ခဲ့ပြီး၊ ညနေပိုင်းမှာတော့ စစ်တပ်က ပေါက်တောမြို့အတွင်းက ဒေသခံအရပ်သားတွေကို သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ချိန်ခါလီစခန်းသိမ်းပိုက်မှုနဲ့အတူ စစ်မျက်နှာဖွင့်လာတဲ့ AA ဟာ ရခိုင်နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုလားတန်မြစ်ကြောင်းတလျှောက်က ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ထိုထဲကမှ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါရှိတဲ့ တရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နှုံးဘူးဗျူဟာကိုမူ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဆိုပါသိမ်းပိုက်ခံရတဲ့ ဗျူဟာကုန်းတွေဟာ ကုလားတန်မြစ်ကမ်းဘေးမှာတည်ရှိတာဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရအရေးပါသည့် ဗျူဟာကုန်းများဖြစ်သလို မြန်မာ-အိန္ဒိယကုန်သွယ်ရေးအတွက် အလားအလာရှိတဲ့ လမ်းကြောင်းပေါ်မှာတည်ရှိနေတာပဲဖြစ်တယ်။

စစ်ရေးနဲ့ ပတ်သက်ပြီး AA တပ်ဖွဲ့ဝင်တွေရဲ့ ဗျူဟာကို အခြားအဖွဲ့အစည်းတွေနဲ့ မတူလှပါဘူး သိသာစေတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်တွေဟာ မြို့သိမ်းဖို့ထက် မြို့တမြိုကို အဓိက ခံတပ်ကြီးသဖွယ်ကာထားတဲ့ စစ်တပ်ရဲ့ဗျူဟာ ကုန်းကြီးကို သိမ်းဖို့ အဓိကကျကြောင်း၊ ဗျူဟာကျရင် မြို့စောင့်တပ်လည်းစိတ်ဓါတ်ရေးရာအရ ခြိမ်းခြောက်နိုင်တဲ့အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဗျူဟာကုန်းတွေကို တိုက်တယ် အခုထိလည်း ပလက်ဝမြို့နယ်က မီးဝဗျူဟာကုန်းကို တိုက်ခိုက်နေကြတုန်းဖြစ်တယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ မြောက်ဦးမြို့ရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ဖျက်ဆီးတဲ့လုပ်ရပ်တွေကို ပြုလုပ်လာတယ်။ ဒါတွေဟာ စစ်ကောင်စီဘက်က သူတို့ရှုံးနိမ့်တိုင်း ပြုလုပ်နေကြလုပ်ထုံးလုပ်နည်းတွေပဲဖြစ်တယ်။

ရက္ခိုင့်တပ်တော် AA ဘက်မှလည်း ထိုသို့ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ဖျက်ဆီးသူများမှာ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀၊ ၃၇၇၊ ၃၇၈ နဲ့ အမှတ်(၃၁)ရဲတပ်ရင်းတို့ဖြစ်ပြီး ထိထိရောက်ရောက်တုံ့ပြန်မယ်လို့လည်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တတ်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကိုလည်းလက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ AA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုချိန်မှာ ရခိုင်စစ်မြေပြင်တစ်ခုလုံးနီးပါး တိုက်ပွဲဆင်နွှဲနေရတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေကို ရေကြောင်းနဲ့ အဓိကထားပိတ်ဆို့ထားပေမယ့် အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာပဲဖြစ်တယ်။

ဒီနေရာမှာ တခုသတိထားမိတာက ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA က ကိုးကန့်ဒေသ၊ TNLA ကတအာင်းဒေသနဲ့ AA က ရခိုင်ပြည်နယ်ထဲမှာ စိုးမိုးနယ်မြေတွေ၊ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကုန်းတွေ၊ မြို့တွေကို ဆက်တိုက်သိမ်းပိုက်ပြီး အောင်မြင်မှုတွေကို ရယူနေတာ အားလုံးမြင်တဲ့အတိုင်း ဖြစ်ပါတယ်။ နောက်ဆုံး ရခိုင်ပြည်နယ်ဟာ အိန္ဒိယနဲ့ ကုန်သွယ်မှုအတွက် အဓိကအရေးပါလှသလို နယ်စပ်ဂိတ်တွေသာ ထိန်းချုပ်ခံရရင် စစ်ကောင်စီအပေါ်ထားရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ သဘောထားအမြင်ဟာလည်း ပြောင်းလဲလာမှာပဲဖြစ်တယ်။ စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာရဲ့အခြေအနေတွေကို သိသာစေချင်တာရယ် တိုက်ပွဲအခြေအနေဟာ ဒီထက် ပြင်းထန်လာမယ်ဆိုတာကို သိစေချင်လို့ ရေးသား တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

Red News Agency

By Editor