နွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတဲ့ ၂၀၂၃

“နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာ”
********************

မောင်ဝိ

ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီချုပ်ငြိမ်းဖို့ မကြာတော့ဘူးလို့ ပြောရနိုင်တဲ့အခြေအနေဖြစ်နေပြီ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရေချိန်ဟာ တနှစ်ထက်တနှစ်ပိုမိုမြင့်တက်လာတာကြောင့်ပဲ ဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး ၃ နှစ်အတွင်း စစ်ရေး နိုင်ငံရေးနဲ့ နိုင်ငံတကာ အရေးတွေအပါအဝင် စစ်ကောင်စီဘက်မှာ ပြိုကျနေပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးရတဲ့ နှစ်လို့ ပြောရပါတယ်။

အသိသာဆုံးနဲ့ အထင်ရှားဆုံး နားလည်အောင် ပြောရမယ်ဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ စစ်တပ်ထောက်ခံသူတွေဘက်က “ဘယ်တပ်ရင်းတွေ သိမ်းပြီးပြီလဲ” ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးနဲ့ တော်လှန်ရေးကို ချိုးနှိမ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ “မြို့တွေကို တိုက်တော့ မြို့ပျက်တာပဲ အဖက်တင်တယ်” ဆိုတဲ့ပြောဆိုမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ မြို့သိမ်းနိုင်တဲ့အထိ အောင်မြင်မှုတွေ စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ ဗျူဟာကုန်းများစွာကို သိမ်းဆည်းနိုင်ခဲ့တယ်။ မြို့သိမ်းပြီး အုပ်ချုပ်ရေးတွေပါ အကောင် အထည်ဖော်လာနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂-၂၀၂၃ ကာလအပိုင်းအခြားအတွင်း စစ်ရေးအရတိုးတက်လာမှုပဲ ဖြစ်တယ်။

၂၀၂၂ စစ်ရေးအခြေအနေ

၂၀၂၂ ကာလအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ COC တည်ဆောက်နိုင်မှု အားနည်းချက်များ၊ စစ်ရေးစွမ်းရည်များ အနေနဲ့လိုအပ်ချက် တချို့ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းမှာဆိုရင် စစ်ကောင်စီဘက်က လက်နက်အင်အားပြည့်စုံမှုမရှိတဲ့ အညာဒေသကို ပစ်မှတ်ထား ဖိနှိပ်မှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကိုယ်ထူကိုယ်ထနဲ့ လက်နက်စွဲကိုင်ပြီး တော်လှန်ရေးအားကောင်းပါတယ်ဆိုတဲ့ စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်တယ်။

အသိသာဆုံးဆိုရင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီရဲ့ Mi-35 ရဟတ်ယာဥ်နဲ့ ပတ်ခတ်မှုနဲ့ နှိုင်းယှဥ်ပြလိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကလေး သူငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့တာဖြစ်ပြီး၊ အခုလိုပုံစံမျိုးနဲ့ အညာဒေသရှိ လက်နက်အင်အားလုံလောက်မှုမရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။

နောက်ထပ် စစ်ကောင်စီပစ်မှတ်ထားတာက စစ်ကိုင်းအထက်ပိုင်းကနေ အညာဒေသကို လက်နက်ထောက်ပံ့နေတယ်လို့ ယူဆထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ပါအဓိက ပစ်မှတ်ထားလာကြတယ်။ စစ်တပ်နဲ့ထောက်ခံသူလူတစုကပါ “ဌာနချုပ် လိုင်ဇာကိုသိမ်းမယ် အမြစ်ပျက်ချေမှုန်းမယ်” ဆိုတဲ့ပြောဆိုမှုတွေရှိလာခဲ့တယ်။ ဒါ့ကြောင့်ပဲ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာမှာပြုလုပ်တဲ့ KIA ထူထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ KIA အဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေနဲ့ ဒေသခံ စုစုပေါင်း ၁၀၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေး အားအကောင်းဆုံးဒေသကိုပြောပါဆိုရင် ကရင်နီဒေသကို ညွှန်းရပါလိမ်မယ်။ ပြည်နယ်အသေးဆုံးဖြစ်တဲ့ကရင်နီဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုခံရတဲ့ အများဆုံးသောဒေသတခုလည်းဖြစ်တယ်။ ထိုအချိန်က ကရင်နီကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို တခါပြုလုပ်ရင် လေယာဥ် ၆ စီးမှ ၇ စီးအထိ အသုံးပြုခဲ့သလို၊ ခြေလျင်တပ်မ ၃ ခုနဲ့ စကခ ၂ ခု အထိ အင်အားဖြည့် တိုက်ခိုက်ခဲ့တာဖြစ်တယ်။

ထိုအချိန်ကတည်းက ကရင်နီတော်လှန်ရေးတပ်တွေဟာ “ပျောက်ကျား” စစ်ထက် “သမရိုးကျ” စစ်ကို အသုံးပြုတိုက်ခိုက်လာတာတွေ့ရတယ်။ အသိသာဆုံးဆိုရင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သေးဆူလဲစခန်း၊ ကုန်းသာကျေးရွာရှိ တပ်စွဲထားသော တပ်စခန်းများကို တိုက်ခိုက်နိုင်ခဲ့တယ်။ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါးကျေးရွာအပါအဝင် စစ်ကြောင်း (၃)ကြောင်းနဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်ကာလအတွင်း ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတွန်းလှန်မှုနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ အမြောက် လက်နက်ကြီး တိုက်ခိုက်မှုများလည်း အများအပြားရှိခဲ့တယ်။ ဒါကိုလည်းချင်းပြည်နယ်၊ ထန်တလန် မြို့ပျက်ကြီးက သက်သေတည်လျက်ရှိပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်အတွင်းမှာလည်း ၂၀၂၂ ခုနှစ်အတွင်း “ဥကရစ်ထစခန်း” တိုက်ပွဲ၊ “သေ့ဘောဘိုး” စတဲ့ထင်ရှားတဲ့ စခန်းသိမ်းတိုက်ပွဲများပဲ ဖြစ်တယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြဒေသတွေမှာ ထိုအချိန်ကတည်းက စစ်ရေးပစ်မှတ်တွေအပေါ် တော်လှန်ရေးအင်အားစုမှ ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့်၊ စစ်ကောင်စီရဲ့ သတင်းထောက်လှမ်းမှုများအားကောင်းခြင်း၊ သူလျှိုသတင်းပေးတွေရှိခြင်းကြောင့် ဖမ်းဆီးခံရမှုများရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်တွေအနေနဲ့လည်း ရရာလက်နက်ကိုင်စွဲပြီး နေရာအသီးသီးကနေ စစ်ကောင်စီအပေါ် တွန်းလှန်တိုက်ခိုက်လျက်ရှိပါတယ်။

၂၀၂၂ ခုနှစ်ကာလအတွင်း တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲဟာ “ဘတပြန်ကျားတပြန်” တိုက်ခိုက်ခဲ့တဲ့ အခြေအနေပဲဖြစ်တယ်။ တနှစ်ဆိုတဲ့ အပိုင်းအခြားကာလအတွင်းမှာ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုအပေါ် လေကြောင်းပစ်ကူ၊ အမြောက်လက်နက်ကြီး၊ ခြေလျင် စစ်ကြောင်းများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ ထိုအချိန်အတောအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ စစ်ကောင်စီရဲ့ အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့သလို၊ မြို့သိမ်းတိုက်ပွဲများလည်းဆင်နွှဲနိုင်ခြင်းမရှိသေးပါ။

၂၀၂၃ စစ်ရေးအားသာလာမှု

၂၀၂၃ ခုနှစ်ရဲ့ နှစ်စပိုင်းမှ နှစ်လယ်ပိုင်း ကာလများအတွင်း စစ်ကောင်စီအနေနဲ့ KIA ဌာနချုပ် လိုင်ဇာအနားရှိ နန့်ဆန်ယန် ရွာဘက်အထိ စစ်ကြောင်းထိုးကာ စစ်ရေးအရ ဖိအားပေးဖို့ကြိုးစားလာခဲ့ပါတယ်။ KIA တပ်စခန်းတွေတည်ရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးများနဲ့ ဆက်တိုက်ဆိုသလိုပစ်ခတ်ခြင်း၊ လေကြောင်းအားပြုတိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် မဟာမိတ်အင်အားစုတွေဖြစ်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့မှ အောက်တိုဘာလ ၂၇ ရက်နေ့မှာ အင်အားအပြည့်နဲ့ “၁၀၂၇” ထိုးစစ်ကြီးစတင်ချိန်မှာတော့ မထင်မှတ်ထားတဲ့အပြောင်းအလဲများ ပိုမိုမြင်တွေ့လာရပါတယ်။

အခုလို ထိုးစစ်နဲ့အတူ နိုင်ငံတဝန်း ခုခံတော်လှန်မှုအတွင်း စစ်တပ်ဟာ ပထမဆုံး ခဲယမ်းပြတ်လတ်မှုကိုပါ ကြုံလာရပါတယ်။ စစ်ပွဲအရန်ကျည်များပြတ်လတ်မှုကြောင့် အလျင်မှီအောင် ကပစတွေကနေ ထုတ်လုပ်သုံးစွဲနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကိုလည်း လက်ရှိ တော်လှန်ရေးအင်အားစုမှ သိမ်းပိုက်ရရှိတဲ့ စစ်တပ် ခဲယမ်းတွေမှာပါတဲ့ ထုတ်လုပ်တဲ့ ရက်စွဲ ကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့များမှ ၂၀၂၃ ခုနစ် ပထမ ၅ လ အတွင်း (၁၁) ကြိမ် ကပစ စက်ရုံပေါင်း (၇) ရုံကိုတိုက်ခိုက်နိုင်ခဲ့သလို၊ စစ်တပ် အနေနဲ့ လက်နက်ခဲယမ်း ဆုံးရှုံးမှု များလာခဲ့ပါတယ်။

ဒါ့အပြင် သမိုင်းမှာ တကြိမ်မှာမကြုံဖူးတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းလိုက်လက်နက်ချတာတွေပါရှိလာခဲ့တယ်။ လောက်ကိုင် အခြေစိုက် ခမရ (၁၂၉) တပ်ရင်းမှူး ကျော်ရဲအောင်နဲ့အတူ တပ်ရင်း တရင်းလုံး လက်နက်ချခဲ့သလို၊ ခလရ (၁၂၅) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်း အလံဖြူထောင် လက်နက်ချခဲ့ပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး ကွန်မန်ဒါတွေဖြစ်တဲ့ တပ်မမှူးအဆင့်တွေအထိ အကျအဆုံးရှိလာခဲ့တယ်။ ဒါတွေကတော ရှမ်းမြောက်ဒေသ ပန်လုံ ဗျူဟာကုန်း တိုက်ပွဲမှာ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးခဲ့သလို နမ့်ခမ်းမြို့နယ်တိုက်ပွဲအတွင်း အမှတ် (၁၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး တင်အောင်မိုး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကုန်းကြမ်း ဒေသမှာလည်း စကခ(၁၂) မှူး အောင်ဇော်လင်း ရှေ့တန်းမှ ထွက်ပြေးသွားတယ်လို့ သတင်းတွေ ပေါ်ထွက်နေခဲ့တာဖြစ်တယ်။

အခုလို တပ်ရင်းမှူးများ၊ ဗျူဟာမှူးများ အလုံးအရင်းနဲ့ ကျဆုံးနေမှုကြောင့် စစ်ကောင်စီရဲ့အားကိုးအားထားပြုနေရတဲ့ တိုက်ပွဲတွေမှာ အဓိက ကွပ်ကဲနေတဲ့ မြေပြင်တပ်တွေဟာ အထိန်းအကွပ်မဲလာခဲ့ပါတယ်။ ဒါ့ကြောင့် စစ်တပ်ဟာ ခါးပြတ်တဲ့ အဖွဲ့အစည်းတရပ်လို ဖြစ်လာပြီး စစ်ဆင်ရေးတွေကို ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်တော့ခြင်း မရှိတော့ပါဘူး။ သာမန်တပ်သားတွေ ထွက်ပြေးတာတွေ အဖမ်းခံရတာတွေဟာလည်း ရှမ်းမြောက်အပါအဝင် တောင်ပိုင်းတိုင်း စစ်ဒေသမှာပါ ဖြစ်ခဲ့ပါသေးတယ်။

၁၀၂၇ စစ်ဆင်ရေး လပိုင်းအတွင်း ရှမ်းမြောက်ဒေသတခုတည်းမှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ၃၀၀ နီးပါးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္ဒီ၊ နန့်ခမ်း၊ ကုန်းကြမ်း၊ မုန်းကိုး၊ ကွမ်းလုံ၊ မန်တုံမြို့တွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိထားပါတယ်။ ဒါ့အပြင် ရှမ်းတောင်ဒေသရှိ ဖယ်ခုံမြို့ကိုပါဆက်လက် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေး အရှိန်နဲ့အတူ KIA+AA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ရွှေပြည်အေး၊ ခမ်းပတ်၊ ကောလင်း၊ မော်လူး စတဲ့မြို့တွေကို သိမ်းပိုက်ထားရှိပြီး ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒါ့ပြင်ကချင်ပြည်နယ်အတွင်းရှိ အင်ဂျာယန်မြို့ကိုပါ သေနတ်တချက်မဖောက်ပဲ ရရှိခဲ့ပါသေးတယ်။

ကရင်နီမှာဆိုရင်လည်း မယ်စဲ့၊ မိုး​ဗြဲ​၊ နန်းမယ်ခုံးစတာတွေကို သိမ်းပိုက်ရရှိထားပြီး မြို့တော် လွိုင်ကော်ရဲ့ တဝက်ခန့်ကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းမှာဆိုရင်လည်း ရီခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ဝေဘူလ၊ ဆူးခွား၊ နှာရိန်၊ မကွီးအိမ်နူးစတဲ့ နယ်စပ်မြို့တွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း နိုဝင်ဘာလ ၁၃ ရက်နေ့ ချိန်ခါလီစခန်းသိမ်းပိုက်မှုနဲ့အတူ စစ်မျက်နှာဖွင့်လာတဲ့ AA ဟာ ရခိုင်နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုလားတန်မြစ်ကြောင်းတလျှောက်က ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ထိုထဲကမှ ရဟတ်ယာဉ်ကွင်း ၂ ကွင်းပါရှိတဲ့ တရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နှုံးဘူးဗျူဟာကိုမူ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

စစ်ကောင်စီအပေါ် စီးပွားရေးအရ ထိုးနှက်မှု

၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်နဲ့ စစ်ကောင်စီဟာ ၂၀၂၃ ခုနျစ်အတွင်း စစ်ရေးမှာ ရှုံးနိမ့်မှုတွေစတင်ခံစားလာရပြီးတော့ စီးပွါးရေးဘက်မှာလည်း ပြင်းထန်တဲ့ထိုးနှက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရှင်းရှင်းပြောရရင် စစ်ကောင်စီဟာ စီးပွားရေးဘက်မှာလည်း နလန်မထူနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးချိန်ကစတင်ကာ နိုင်ငံရေးမတည်ငြိမ်မှု နဲ့ စီးပွါးရေးကျဆင်းမှုများကြား ငွေကြေးခဝါချမှု နဲ့ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်သည်ဆိုတဲ့ အချက်နဲ့ ကမ္ဘာ့ဘဏ္ဍာ ရေးစောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၁ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစတင်ပြီး မြင့်တက်လာတဲ့ ဒေါ်လာစျေးဟာ ၂၀၂၂ ခုနှစ်မှာတော့ အထက်ပါ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဘဏ်ပေါက်စျေးနဲ့ အပြင်စျေးကွက်ပေါက်စျေးအကြား ကွာခြားမှုတွေမြင့်တက်လာခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဒေါ်လာဝယ်/ရောင်း ကို ၁၇၀၀- ၁၈၀၀ ဝန်းကျင်သတ်မှတ်ခဲ့ပေမယ့် ပြင်ပစျေးကွက််မှာတော့ ၃၀၀၀ ဝန်းကျင်ပေါက်စျေးရှိခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်နိုင်စွမ်းနိမ့်ပါးမှုဟာ ဘယ်လောက်ထိ ဆိုးရွားနေလဲဆိုတာ သိသာလှသလို နိုင်ငံတကာက စစ်ကောင်စီအပေါ် ထားရှိတဲ့ သဘောထားတွေပြောင်းလဲလာတာကိုလည်း ပေါ်လွင်လှပေတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ စစ်ကောင်စီအတွက် အဓိက နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က ဒဏ်ခတ်ခဲ့ပါတယ်။ အခုလို အမေရိကန် အစိုးရက အခုအသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုက စစ်အုပ်စုကို အထိနာစေမှာသေချာပါတယ်။ စစ်ကောင်စီရဲ့ အဓိက နိုင်ငံခြားငွေ ရပေါက်ဖြစ်တဲ့ MOGE ကို အမေရိကန်ဒေါ်လာပေးချေမှုများနဲ့ဆက်စပ်တဲ့ဝန်ဆောင်မှုအားလုံးကိုပိတ်လိုက်တဲ့အတွက် ဒေါ်လာငွေနဲ့ စစ်လက်နက်ဝယ်ယူနေရတဲ့ စစ်ကောင်စီအတွက် ထိခိုက်မှုအတော်ကြီးမားလာခဲ့ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုများမှ နယ်စပ်ကုန်သွယ်ရေးအရအရေးကြီးတဲ့ လမ်းကြောင်းများနဲ့ မြို့ ရွာတွေကို ခြေကုပ်ယူပြီး စစ်တပ်ရဲ့ ထောက်ပို့ လမ်းကြောင်းတွေ ဖြတ်တောက်နေတာတွေကိုလည်း သိသာစေပါတယ်။ ဒါကတော့ လက်ရှိစစ်ကောင်စီရဲ့နယ်စပ်ကုန်သွယ်ရေး ဝင်ငွေရရှိနိုင်မယ့် ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးမြို့များအပြင်၊ ထိုင်း- မြန်မာ ကုန်စည်စီးဆင်းရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ- ကော့ကရိတ်လမ်းမကြီးကိုပါ တော်လှန်ရေးအင်းအားစုတွေက ထိန်းချုပ်လာနိုင်ခဲ့ကြပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီအတွက် ထွက်ပေါက်ဆိုတာ ရှမ်းတောင်ဒေသတခွင်နဲ့ ရန်ကုန်မြို့ရှိ ရေကြောင်းနဲ့ လေကြောင်းထွက်ပေါက်သာကျန်ပါတော့တယ်။

နိုင်ငံတကာရဲ့ နွေဦးတော်လှန်ရေးအပေါ်အမြင်

ပြည်သူအများစုပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ အစောပိုင်းအချိန်ကာလအတွင်းမှာ ရာနှင့်ချီတဲ့ ပြည်တွင်း PDF များကြားတွင် အကွဲကွဲအပြားပြား ဖြစ်ခဲ့ရပြီး အာဏာသိမ်းခံရမှုအတွင်း ပေါ်ထွက်လာတဲ့ ပြည်သူထောက်ခံတဲ့ အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား မယုံကြည်မှုများ၊ NUG ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ NLD ပါတီက ဗမာလူမျိုးစုအများစုနဲ့သာ ချုပ်ကိုင်ဖွဲ့စည်းထားတယ်ဆိုတဲ့ ဝေဖန်ငြင်းခုန်ချက်တွေနဲ့ ကွဲပြားနေခဲ့ကြောင်း နိုင်ငံတကာရဲ့အမြင်ကို Asia Timesရဲ့ မြန်မာအရေးက သုံးသပ်ထားကြပါတယ်။ လက်ရှိ တော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ​နိုင်ငံတကာရဲ့အမြင်ပြောင်းလဲမှုများအပြင် စစ်ကောင်စီအနေနဲ့ နောက်ထပ် ၃ နှစ်အတွင်း ပြုတ်ကျနိုင်တယ်လို့လည်း ဆိုလာပြန်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လအတွင်းမှာဆိုရင် ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဟော့ဆွန်းဟာ မြန်မာကို အာဆီယံအထူးသံတမန်အဖြစ် သွားရောက်ချိန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ‌‌တွေ့ဆုံနိုင်အောင် ကြိုးပမ်းသွားမယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပြောဆိုခဲ့သလို၊ မလေးရှား နိူင်ငံခြားရေးဝန်ကြီးကလည်း NUG နဲ့ တွေ့ဆုံရန် ပြောဆိုလာခဲ့ပါတယ်။ ဒါတွေဟာ အသံပြောင်းလာတဲ့ အာဆီယံအတွင်း ထူးခြားမှုတွေဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဇူလိုင် ၁ ရက်ကနေ ၅ ရက်အထိ တီမောလက်စတေးနိုင်ငံကို တရားဝင်ခရီးစဥ် သွားရောက်ခဲ့ပြီး၊ ခရီးစဉ်အတွင်း ဒေသတွင်း နိုင်ငံများနဲ့ ဆက်ဆံရေး တိုးမြှင့်ရေး၊ အိမ်နီးချင်း နိုင်ငံများနဲ့ ပိုမိုတိုးတက်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ဒေသတွင်း အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး သွားရောက်ခဲ့ကြပါတယ်။

လက်ရှိမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တနိုင်ငံလုံး တော်လှန်ရေးအားကောင်းလာမှုကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုများရရှိလာခဲ့ပြီး၊ အရင်က ထင်မြင်ခဲ့တဲ့ “နှစ်ပေါင်း ၇၀ ခိုင်ခိုင်မာမာရှိနေတဲ့ စစ်တပ်ကို ဖြုတ်ချဖို့ မဖြစ်နိုင်ကြောင်း” ဆိုတဲ့အမြင်များ လွှဲမှားလာကြောင်းလက်ခံလာကြပါတယ်။ တကယ်တမ်းတော့နိုင်ငံတကာဟာလည်း သူ့နိုင်ငံအရေးသာ စိတ်ဝင်စားကြတာများပါတယ်။ မြန်မာ့အရေးစောင့်ကြည့်တယ်ဆိုတာကလည်း သူ့တို့ နိုင်မြင်းကို ရွေးချယ်နေပုံရပြီး၊ တော်လှန်ရေး အင်အားကောင်းလာမှုကို မဖြစ်မနေ လက်ခံလာကြတာဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရရင် နိုင်ငံတစ်နိုင်ငံမှာ အာဏာတည်ရှိရာဟာ ပြည်သူသာဖြစ်တယ်။ စစ်တပ်အနေနဲ့လည်း လက်နက်အားကိုး ဘယ်လိုပဲ အနိုင်ကျင့်နေပေမယ့် ပြည်သူလက်မခံတဲ့ အခြေအနေကြုံလာတဲ့အချိန်မှာ အရှုံးနဲ့သာရင်ဆိုင်ရမှာပဲဖြစ်တယ်။ အသိသာဆုံး ဥပမာပေးရရင် အာဏာမသိမ်းခင်က စစ်တပ်နဲ့ MNDAA ရဲ့ လောက်ကိုင်တိုက်ပွဲ အခြေအနေနဲ့ လက်ရှိအနေအထားကို ချိန်ထိုးကြည့်ရင်သိနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ပြည်သူကို ရန်သူလို သဘောထားတဲ့ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တစ်နှစ်တာ ကာလအတွင်းမှာ အဆိုးရွားဆုံး ကျရှုံးမှုနဲ့ ရင်ဆိုင်နေရပြီး၊ များမကြာခင်အချိန်မှာ စစ်ကောင်စီကို ဖြုတ်ချနိုင်မှာဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

အခုဆိုရင် တော်လှန်ရေးကာလ ၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြရာမှတဆင့်တော်လှန်ရေးရဲ့ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြည်သူတွေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့အထိလည်း တော်လှန်ရေးမှာ ပြည်သူတွေ ပါဝင်နေတာ အားလုံးအသိဖြစ်ပါတယ်။ ပြည်သူပါဝင်တဲ့ တော်လှန်ရေးဟာ အောင်ကို အောင်မှာပါ။ ၂၀၂၃ ခုနှစ်ရဲ့ အပြောင်းအလဲဟာ အားလုံးအံ့အားသင့်စရာကောင်းလောက်အောင် တော်လှန်ရေးက အောင်မြင်ခဲ့တယ်လို့ ပြောမယ်ဆိုရင် ရပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းစစ်ကြီးဟာ အခုနွေဦးတော်လှန်ရေးမှာ အဆုံးသတ်နိုင်ဖို့ အရေးကြီးပါတယ်။ အခုတော်လှန်ရေးကမှ အဆုံးမသတ်နိုင်ရင် နောင် နှစ် ၁၀၀ တိုင်အောင် ပြီးဆုံးဖို့ မလွယ်တော့ပါဘူး။ အခုဆိုရင် ဖက်ဒရယ်လမ်းစကိုလည်း မြင်နေရပြီ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များရဲ့ အောင်ပွဲတွေဟာလည်း ဦးတည်ရာကို တစိုက်မတ်မတ်သွားနေပြီဖြစ်တယ်။ အောင်ပွဲဟာ နေ့ချင်း ညချင်း ဘယ်နေ့ ဘယ်ရက် ဆိုတာ တိတိကျကျပြောရခက်ပေမဲ့ အခုတော့ နေ့တိုင်း စစ်ကောင်စီကို နိုင်အောင် တိုက်နေကြပြီဖြစ်တယ်။ ပြောက်ကျားစစ်ကနေ သမရိုးကျစစ်၊ သမရိုးကျစစ်ကနေ ထိုးစစ်တွေ လုပ်လာနိုင်ပြီဖြစ်တယ်။

၂၀၂၄ ခုနှစ်အတွက် ၂၀၂၃ ခုနှစ်ဟာ အခြေခံကောင်းတွေ တည်ဆောက်နိုင်ခဲ့ပြီ တော်လှန်ရေး အရှိန်ဟာ ဒီထက်မက တိုးတက်လာဖို့ပဲရှိတဲ့အတွက် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအတွက်တော့ ဆိုးသထက် ဆိုးလာမဲ့အခြေအနေတွေ ကြုံတွေ့ရဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ အရှုံးနဲ့ အနိုင်ကို ၂၀၂၃ ခုနှစ်မှာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရပြီဖြစ်တယ်။ အဆုံးအဖြစ်နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာလည်း အောင်မြင်မှုတွေကို ခံစားကြရအုံးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

#RedNewsAgency

By Editor