စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

“တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ”

မောင်ဝိ

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့” စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ စစ်တပ်ထဲမှာမနေလိုတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ၊ လက်နက်ချ၊ အလင်းဝင် စသဖြင့်​ရှိပါတယ်။ အဲ့ဒီလို စစ်တပ်မှာ မနေချင်လို့ ထွက်လာသူတွေကို စစ်တပ်ပိုင် မြဝတီ၊ မြန်မာ့အသံတွေက တကူးတက ထုတ်ပြန် စည်းရုံး နေရတယ်ဆိုကတည်းက စစ်တပ်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

နောက်ထပ်လည်း ဖြစ်စဥ်တခု ရှိပါသေးတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်းက နောက်ဆက်တွဲ ဖြစ်စဥ်တစ်ခုပါ။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်က စစ်ကောင်စီအလံကို ဖြုတ်ချပြီး၊ချင်းအမျိုးသား အလံတော်ကို လွှင့်ထူနိုင်ခဲ့ပါတယ်။ ရိခေါဒါရ်မြို့သိမ်း တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်မှ စစ်သား (၄၀)ကျော် နိုဝင်ဘာ ၁၃ နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်နယ်စပ်ရွာဖြစ်တဲ့ ဇိုခွာထာရ်ရွာဘက်ကို လက်နက်ချထွက်ပြေးသွားတယ်လို့ ကြားသိရတယ်။

ရှေ့တန်းစခန်းကထွက်ပြေးလာတဲ့ စစ်သားတွေကို အိန္ဒိယမှ ရဟတ်ယာဥ်နဲ့ ၃ ကြိမ်တိုင်တိုင် စစ်တပ်ကို ပြန်အပ်ခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာတွေကနေ ထုတ်ပြန်ထားပါတယ်။ ရှေ့တန်းစခန်းက ထွက်ပြေးတဲ့ စစ်သားတွေအနေနဲ့ စစ်တပ်လက်ထဲပြန်ရောက်ရင် တပ်ရင်းအချုပ်ထဲထည့်၊ စစ်ခုံရုံးတင်ပြီး စစ်ဆေးခံနေရမှာပဲ ဖြစ်တယ်။ နောက်ဆက်တွဲ ဘာဖြစ်နိုင်သလဲဆိုတော့ ရှေ့တန်းက ထွက်ပြေးတဲ့ စစ်သားတွေကို စစ်တပ်ဥပဒေအရ “အာဏာဖီဆန်မှု၊ စစ်ဆင်ရေးရှောင်လွှဲမှု၊ အမိန့်မနာခံမှု၊ စစ်ပုန်ကန်မှု” ပြစ်ဒဏ်တွေအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အနှစ် ၂၀ စသဖြင့် ကျခံကြရမှာပါ။

တကယ်တမ်း ရှေ့တန်းက ထွက်ပြေးတဲ့ စစ်သားတွေကို ပြစ်ဒဏ်မချဘဲ စစ်ကောင်စီမှ ရှေ့တန်းကိုပြန်ပို့ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယမှ ပြန်လည်ရောက်ရှိသော စစ်ကောင်စီတပ်မှတပ်သား ကျော်လင်းထိုက်၊ ကောင်းထက်အောင်တို့ ၂ ဦးဟာ ရှေ့တန်းကို ပြန်ပို့ခံရပြီး၊ရှေ့တန်းစစ်မျက်နှာတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီကို အလံဖြူထောင် အလင်းဝင်ရောက်လာကြကြောင်း သိရပါတယ်။

မင်းအောင်လှိုင် နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့အပါအဝင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်၊ တပ်မတော်ဆေးရုံကုတင် (၁၀၀၀)ရှိ လက်အောက်ခံများကို သွားရောက်ကြည့်ရှုစဉ်။

စစ်တပ်မှာက ပုံမှန်အခြေအနေဆိုရင် တပ်ကနေပြေးပြေး၊ ရှေ့တန်းစခန်းကနေ ပြေးပြေး စစ်တပ်ကလက်ခံရိုးထုံးစံမရှိပါဘူး။ ဒါဟာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖူးသူတွေ ကိုယ်တိုင် တကြိမ်မှ မကြားဖူးခဲ့တဲ့ စစ်တပ်ရဲ့ အခြေအနေ မှန်တွေဖြစ်ပြီး၊ ဟန်မဆောင်နိုင်လောက်အောင် စစ်တပ်ဟာ အင်အားနည်းနေပါတယ်။

ဒါ့ကြောင့် တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များအတွင်း စစ်သားပြုန်းတီးမှုကို ကုစားနိုင်ရေးအတွက် တစ်လကို စစ်သားသစ် ၁ ဦးနှုန်းမဖြစ်မနေ စုဆောင်းရန်နဲ့ တစ်နှစ်ဆိုရင် စစ်သား ၁၂ ဦးနှုန်း စုဆောင်းကြရမှာဖြစ်ကြောင်း တပ်ရင်းတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ အကယ်၍ မစုဆောင်းနိုင်ရင် အရေးယူမယ်လို့ အောက်တိုဘာလအတွင်းက စစ်ကောင်စီရဲ့ လျှို့ဝှက် ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ ညွှန်ကြားချက်ထုတ်ပြန်ပြီး များမကြာခင် ရန်ကုန်အပါအဝင် မြို့နယ်များမှာ စစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ ညနေပိုင်းအချိန်တွေမှာ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ တပ်ထဲသွင်းခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း ပေါ်တာဆွဲခံရသူများထံမှ တဆင့်သိရပါတယ်။

“စစ်သည်အဆင့်အတန်းအားလုံးကလည်း ပြုန်းတီးဖြစ်ပွားမှုကို ကုစားနိုင်ရန်၊ တပ်မတော် အင်အားရှိစေရေး စိတ်ပါဝင်စားစွာဖြင့် စုဆောင်းရန်” ဆိုတဲ့ အချက်ကို စစ်ကောင်စီမှ အဓိကထားပြီး ထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါပဲ။ တဖက်မှာလည်း စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် “ငါတို့ရှုံးနိမ့်ခဲ့ရင် ဘာဆက်လုပ်မလဲ” ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ပြင်ဆင်မှုတွေဆောင်ရွက်နေတာတွေ့ရပါတယ်။

မင်းအောင်လှိုင် နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့အပါအဝင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်၊ တပ်မတော်ဆေးရုံကုတင် (၁၀၀၀)ရှိ လက်အောက်ခံများကို သွားရောက်ကြည့်ရှုစဉ်။

အတည်မပြုနိုင်သေးတဲ့ သတင်းအရ မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အရပ်ဘက် လေယာဥ်များနဲ့ ရုရှားနိုင်ငံကိုရွှေ့ပြောင်းလျက်ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း ဒီဇင်ဘာလ (၄) ရက်နေ့ ရက်စွဲနဲ့သတင်းမှာဆိုရင် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် ထိုင်းနိုင်ငံမှာ အခွင့်ထူးခံဗီဇာ (elite visa) တွေ ပြုလုပ်လာတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းပုခုံးတံဆိပ်နဲ့ ဗိုလ်မှူးကြီးရာထူး အပွင့်အခက်အပြည့်အစုံပါ ယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်တပ်အရာရှိကြီးတစ်ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုင်းThai immigration Division 1 မှာ အခွင့်ထူးခံ ဗီဇာ (Elite Visa) လာရောက် လုပ်ကိုင်ခဲ့တာပါ။ ဒါဟာ စစ်တပ်ရဲ့ ရာထူးအကြီးပိုင်းတွေကိုယ်တိုင်ရဲ့ မိမိတို့ စစ်တပ်ရဲ့အခြေအနေကို သိရှိလာကြပြီး၊ အခြေအနေမဟန်ရင်ပြေးမယ်ဆိုတဲ့ ကြိုတင်စီစဥ်ထားမှုတွေပဲ ဖြစ်တယ်။

လက်ရှိမှာ အင်အားပြုန်းတီးမှုများလာတဲ့ စစ်တပ်အတွက် တပ်သားသစ်ရရှိရေးဟာ အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်လာနေပြီပဲ ဖြစ်တယ်။ စစ်ကျောင်းဝင်ခွင့်တွေကို ဖြေလျှော့ခွင့်များစွာနဲ့ တိုးမြှင့်ခေါ်ဆောင်လာပေမယ့် အမျိုးသမီးစစ်သည်တွေသာ ပိုမိုဝင်ရောက်လာပြီး၊ အမျိုးသားစစ်ကျောင်းတွေမှာတော့ စစ်တပ်အနွယ်တွေသာ ပိုမိုဝင်ရောက်လာတာကို တွေ့ရှိရတယ်။ ဒီလိုဝင်လာသူတွေဟာလည်း စစ်တပ်ကို ချစ်မြတ်နိုးလို့မဟုတ်ပဲ ရာထူးအာဏာကိုအသုံးချဖို့ ဝင်ရောက်လာသူတွေသာဖြစ်တယ်။

 

ယခုလက်ရှိ စစ်ကောင်စီတပ်ထဲမှာက စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ကလည်း သူတို့အတွက် ရှေ့ကနေ အသေခံစစ်တိုက်ပေးမယ့် တပ်သားသစ်ရရှိရေးကို စစ်ဆင်ရေးတရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ များမကြာမှီ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲများ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးများကြောင့် ထွက်ပြေးကြမယ့် သူတွေထဲမှာ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ပါဝင်လာတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

#RedNewsAgency

By Editor