ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

RNA_ဒီဇင်ဘာ(၅)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားသည့် ပလက်ဝမြို့နယ်ရှိ “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို ရက္ခိုင့်တပ်တော် – AA က ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ( ဒီဇင်ဘာ ၅ ရက်) နေ့လယ် ၁ နာရီ ဝန်းကျင်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကြီးတစ်ခုလုံးအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးချိန်တွင် စစ်ကောင်စီလက်အောက်ခံ အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

“ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်” ဟု AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် နောက်ထပ်ကျန်ရှိနေသော “နှုံးဘူးဗျူဟာကုန်း” ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ် စခန်းကုန်းများ၊ စွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက်ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် ” Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိသည်ဟု AA က ပြောကြားထားသည်။

#RedNewsAgency

By RNA Editor