စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

“စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ “စစ်တပ်ထောက်တိုင်တွေကြောင့်” ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်”

မောင်ဝိ

စစ်ကောင်စီအမိန့်နဲ့ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ရောက်ပြီးတဲ့ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးနှင့် သဘာ၀ ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲမှ ရုံးပြင်ပထွက်ပြီး တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲမှ ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက် (အကြောင်းကြားစာ) ဟာ လူမှုကွန်ယက်မှာ ပေါက်ကြားလာခဲ့ပါတယ်။

ဆိုလိုရင်းကတော့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်တက်ရောက်ခဲ့ကြရတဲ့ Non CDM ရဲ၊ ထွေအုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ အကျဥ်းဦးစီး၊ လဝက စတဲ့ဌာနတွေအပါအဝင် ကျောင်းဆရာ/ဆရာမများတွေကို ဌာနအလိုက်က လူအင်အား တဝက်မှ လုံခြုံရေးတာဝန်ယူရမယ်လို့ ဆိုလိုတာပါ။

“လုံခြုံရေးတာဝန်” ဆိုခြင်းမှာ အကြောင်းပြချက် တခုသာဖြစ်တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာ အင်အားနည်းပါးလာတဲ့ စစ်သား၊ရဲ စတဲ့အဖွဲ့တွေ လုပ်ဆောင်နေရတဲ့ မြို့အဝင်ဂိတ်စစ်ဆေးရေးလုပ်ရခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ သတင်းပေးခြင်း စတာတွေကို ပူးတွဲလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အထက်ပါ လုပ်ငန်းအားလုံးဟာ စစ်တပ်ရဲ့ညွှန်ကြားမှုဖြင့် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ပေါင်း ၇၀ ကျော် လေ့ကျင့်လာတဲ့ စစ်ကောင်စီတပ်တွေတောင်မှ တိုက်ပွဲတိုင်း အလဲလဲအကွဲကွဲ ဖြစ်နေတာ အားလုံးအသိပါ။ ဒီလိုအခြေအနေမှာ ဖောင်ကြီး သင်တန်းကို လပိုင်းလောက်တက်ထားတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ မိမိတို့ ဘယ်အခြေအန ရောက်နေပြီလဲ ဆိုတာကို တွေးတောသင့်ပါတယ်။

တကယ်တမ်း မြို့သိမ်းတိုက်ပွဲသာ ရုတ်တရက် ဖြစ်ပေါ်လာပြီဆိုရင် “သူ့တပ်စခန်းကိုတောင် လေယာဥ်ပစ်ကူမပေးနိုင်တဲ့ စစ်တပ်က” Non CDM တွေအတွက် ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကိုလည်း ရှေ့က လွိုင်ကော်တက္ကသိုလ် ဖြစ်စဥ်က သက်သေပြနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူသားချင်းစာနာထောက်ထားမှုတွေကြောင့်သာ တိုက်ပွဲအတွင်း ပါဝင်လာတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ကောင်းစွာစောင့်ရှောက်ထားနိုင်ခြင်းဖြစ်တယ်။ ဒါကိုလည်း လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြား၊ တက္ကသိုလ်ဝန်းအတွင်းက Non CDM ဆရာ/ဆရာမ တွေကို ကောင်းမွန်စွာ အခုချိန်ထိ စောင့်ရှောက်ထားတာကို ရုပ်သံတွေကို ကြည့်ရင်သိနိုင်ပါတယ်။

“ဆရာမတို့ ဖြည်းဖြည်းတက်ကြပါ….နောက်ကားရှိပါသေးတယ်…..” ဆိုတဲ့ စကားသံတွေ၊ “ဆရာဘယ်ဌာနကလဲ…..အာ့….ငါ့ Chemistry ပဲ….” စတဲ့ ပြောဆိုမှုတွေနဲ့ လူသားဆန်မှုတွေကို မြင်ခဲ့ကြရတယ်။ ဒီနေရာမှာ စစ်ကောင်စီ တပ်သားတွေသာဆိုရင် အနည်းဆုံး သေနတ်ဒင်နဲ့ အထုခံကြရမှာ သေချာပါတယ်။

တဖက်မှာလည်း နွေဦးတော်လှန်ရေးကာလအတွင်း မြို့ပြ၊ ကျေးလက်မကျန် ပြည်သူလူထုများ သတ်ဖြတ်ခံနေရခြင်းဟာ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နေမှုတွေကြောင့်သာဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ “စစ်တပ်ထောက်တိုင်တွေကြောင့်” ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်။

တော်လှန်ရေးကာလ ၂ နှစ်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးတပ် (ခြေလျင်/ခြေမြန်) အင်အားဟာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါပြီ။ လျော့နည်းလာတဲ့ ခြေလျင်တပ်တွေ နေရာမှာ စစ်ကောင်စီတပ်ရဲ့ စစ်မတိုက်ရတဲ့ ရေတပ်၊ လေတပ်နဲ့ လက်ရုံး တပ်တွေကိုပါ ရှေ့တန်းတွေမှာ ထည့်သွင်းအသုံးပြုလာခဲ့ပါပြီ။ နိုင်ငံတနိုင်ငံမှာ စစ်တပ်ရဲ့ အခြေအနေပေါ်ကြည့်ပြီး ဘယ်အဆင့်ရောက်ရင် ဘယ်အင်အားကို သုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပြီးသားဖြစ်တယ်။ ဒါကိုလည်း စစ်ကောင်စီမှ ကောင်းစွာ သိရှိပြီးဖြစ်တဲ့အတွက် တဆင့်ပြီး တဆင့် ချကျွေးလာခဲ့ပြီးဖြစ်တယ်။

တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် ကာလရောက်လာတော့မယ့်အချိန်မှာ အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ အလံတိုင်နဲ့ မင်းအောင်လှိုင်ပဲ ကျန်ရှိတော့တဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ထိုးကျွေးခံရဖို့ Non CDM ဝန်ထမ်းများပါ အလှည့် ရောက်ရှိလာပြီပဲ ဖြစ်တယ်။ အစကတည်းက စစ်ကောင်စီယန္တရားလည်ပတ်နိုင်ရေး ထောက်ခံအားပေးထားတဲ့ ဒီစစ်ကောင်စီလက်အောက်ခံတွေကို စစ်ကောင်စီအသုံးချတာက မထူးဆန်းပါဘူး ဒါပေမဲ့ ရုန်းထွက်ဖို့ အချိန်တန်တာတော့ ကြာခဲ့ပါပြီ။

ဒါ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ရေး အရှိန်မြှင့်မှာဖြစ်တာကြောင့်၊ လက်ရှိ စစ်တပ်ထောက်တိုင်ဖြစ်တဲ့ Non CDM ဝန်ထမ်းများအနေနဲ့ CDM ဝင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာ ပါရှိတဲ့အကြောင်းအရာများမှာ “မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲများစတင်ဆင်နွှဲနေကြပြီး၊ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြင့်မားစွာနဲ့ “လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီး တစ်လှိုင်း လှုပ်ရှားနေကြပြီဖြစ်တယ်…”။ “စစ်တပ်လက်အောက်ခံ ရဲ၊ထွေအုပ်၊အကျဥ်း ဦးစီး၊ မီးသတ်၊ လဝက စတဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အလင်းဝင်ကြရန်နှင့် ပြည်သူ့ဘက်ရပ်တည်ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေးယူမည်” ဆိုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရမှ ပေးအပ်တဲ့ နောက်ဆုံးအခွင့်အရေးတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

Non CDM ဝန်ထမ်းများမှလည်း ဒီအခွင့်အရေးကို မိမိတို့မှ အမိအရဆွဲကိုင်သင့်ပါတယ်။ အရပ်ဘက်အစိုးရဝန်ထမ်းဆိုတာဟာ တိုက်ခိုက်ရေးတပ်မဟုတ်ပါ။ တကယ်တမ်း မြို့သိမ်းတိုက်တွေမှာ သူတင်ကိုယ်တင် တိုက်ပွဲဖြစ်လာခဲ့ရင် ကယ်သူမဲတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရလာနိုင်ပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင် လူတစုအတွက် ထိုးကျွေးခံ လူတန်းစား အဖြစ်မခံပဲ၊ ရှေ့က သာဓကတွေကို နမူနာယူပြီး မိသားစုအတွက် ရှင်သန်ကြပါလို့ပဲ နောက်ဆုံးအနေနဲ့ ပြောလိုပါတယ်။ ။

#RedNewsAgency

By Editor