ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

“NMSP ကကော ဘာလို့ NCA နဲ့ ပတ်သက်လို့ ဘာအသံမှ ထွက်မလာတာလည်း ဆိုတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စ ဖြစ်နေပါကော။ NMSP ဘက်ကနေကော နယ်မြေလှုပ်ရှားမှုခြင်းဆက်စပ်နေတဲ့ KNU လိုမျိုး NCA ပျက်ပြယ်ပြီဆိုတဲ့ သဘောမျိုး ရှိနေတာလား”

လှဆောင်

NCA စထိုးကတည်းက မင်းအောင်လှိုင်နဲ့ တန်းတူရည်တူဆက်ဆံခံခဲ့ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေခင်မျာ အခုတော့ ချောင်လေးတွေမှာကုပ်လို့။

မင်းအောင်လှိုင်ဆိုတာ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ခန်းမစင်မြင့်နဲ့အနီးဆုံးမှာ နေရာယူပြီး တစ်ယောက်ထဲ ဆန့်ဆန့်ကြီးနဲ့ ထိုင်လို့။ ဒါနဲ့များ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကိုသွားမယ်တဲ့၊ တန်းတူရည်တူရှိတဲ့ နိုင်ငံကြီးကို တည်ဆောက်မယ်တဲ့ ပြောမှပြောထွက်တဲ့ ပါးစပ် ရွှေကိုချထားရဦးမယ်။

သူ့နောက်မှာတော့ မင်းအောင်လှိုင်ဆီက ဘာတွေမျှော်လင့်နေလဲမသိတဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့သူတွေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေထိုင်လို့။ ပြီးတော့ မင်းအောင်လှိုင်လုပ်တဲ့ တစ်ကွက်ရှိသေးတယ်။ သူ့ကိုများ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက လာရောက်ဂါဝရပြု တွေ့ဆုံတာတဲ့။ သူ့ပါးစပ်ဆိုင်းနဲ့ သူတော့ ဟုတ်နေတာပဲ။ NCA ၈ နှစ်ပြည့်ပွဲ သွားတက်တဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေကလည်း အဲဒါကိုတောင် မနာကြဘူးထင်ပါရဲ့။

နှစ်ပတ်လည်ပွဲမှာ မင်းအောင်လှိုင်ပြောသွားတာတွေကလည်း အနှစ်သာရမရှိ ပေါ့ပျက်ပျက်နဲ့ လက်တွေနဲ့ အပြောက မိုးနဲ့မြေလို ကင်းကွာ၊ NCA မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း လက်မှတ်လာထိုးကြပါ။ ထိုးပြီးတဲ့အဖွဲ့တွေကလည်း စာချုပ်တွေက လိုက်နာကြပါတဲ့။ သူခိုးက လူပြန်ဟစ်ရတယ်ရှိသေး။ မလိုက်နာတာ ဘယ်သူလဲဆိုတာ တစ်နိုင်လုံးအသိ၊ တစ်ကမ္ဘာလုံးအသိ။ သူ့စကားနဲ့သူပြောရရင် ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဥပမာလိုကိုဖြစ်လို့။

ဒီပွဲမတိုင်ခင်ကလည်း NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ကြီး () ဖွဲ့က ပေါ်တင်ပဲ ပူးတွဲထုတ်ပြန်ချက်ထုတ်ထားပါတယ်။ ABSDF CNF နဲ့ KNU ရယ်ပါ။ သူတို့ပြောတာက NCA ဟာ စစ်တပ်ဖျက်လို့ ပျက်ပြီတဲ့။ ဒါကြောင့်လည်း ထိုးပြီးတဲ့သူတွေ စာချုပ်ပါအချက်ကို လိုက်နာကြပါဆိုတဲ့ မင်းအောင်လှိုင်ပွဲ မှာပြောလိုက်တာက သူ့ကိုယ်သူများ သတိပေးလိုက်သား မှတ်ရတယ်။

အဲဒီ ပူးတွဲထုတ်ပြန်ခဲ့တဲ့ အဖွဲ့ ၃ ဖွဲ့ကတော့ ရှင်းတယ်။ အဲဒီနှစ်ပတ်လည်ပွဲကို သွားမတက်ဘူး။ ဒါပေမဲ့ ABSDF က ဒုက္ကဋ္ဌရဲဘော်မျိုးဝင်းနဲ့အဖွဲ့ကတော့ သွားတက်တယ်။ အဲတော့ ABSDF က သွားတဲ့သူတွေကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်။ ထုတ်တော့မထုတ်ပယ်သေးဘူး။ ဘာကြောင့် မထုတ်သေးတာလည်းဆိုတာကိုတော့ မပြောတက်ဘူး။

ဆိုတော့ မင်းအောင်လှိုင်ခင်ဗျာ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲပြီးတဲ့ ၁၆ ရက်နေ့ အထိကို လာတက်တဲ့အဖွဲ့စာရင်းကို သေချာမထုတ်နိုင်သေးဘူး။ ၁၇ ရက်နေ့ရောက်မှပဲ လာတက်တဲ့ အဖွဲ့စာရင်းတွေကို ထုတ်ပြန်နိုင်တယ်။ အဲဒီမှာ တစ်ခုစိတ်ဝင်စားစရာကောင်းတာက NCA ၈ နှစ်ပြည့်အတွက် NCA-EAOs တွေက ထုတ်ပြန်တဲ့စာမှာ အဖွဲ့ ၆ ဖွဲ့ကပဲ သဘောတူထုတ်ပြန်ထားတယ်။ အမှန်ဆို အဲဒီထုတ်ပြန်ချက်ကို လက်မှတ်ထိုးခဲ့တဲ့ ၁၀ ဖွဲ့က ထုတ်ပြန်ရမှာ။ ဒါပေမဲ့ မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက NCA-EAOs ထုတ်ပြန်ချက်တွေမှာ အဖွဲ့မစုံတော့ဘူး။ ဆိုတော့ နှစ်ပတ်လည်နေ့အတွက် ပူးတွဲထုတ်ပြန်ခဲ့တဲ့ အဖွဲ့တွေထဲမှာ ABSDF CNF နဲ့ KNU မပါဘူးဆို တစ်ဖွဲ့က ပျောက်နေသေးတယ်။

ဒါဆို ပျောက်နေတာဘယ်အဖွဲ့လဲ။ အဲဒါကတော့ မွန်ပြည်သစ်ပါတီ NMSP ပါ။ သူက အဲဒီအဖွဲ့မှာ ဘာလို့ပျောက်နေတာလည်းဆိုပြီး ဒီကာလတစ်လျှောက်ပြန်ရှာကြည့်တော့ သူက လုံးဝကို ပျောက်ခြင်း မလှပျောက်နေတဲ့အဖွဲ့ ဖြစ်နေတယ်။ အခုထိလည်း သူတို့အဖွဲ့ NCA ပွဲကို တက်မယ်မတက်ဘူးဆိုတာကို ဘယ် မီဒီယာတွေမှာမှ မမြင်ခဲ့ရဘူး။ ယုတ်စွအဆုံး စစ်ကောင်စီအာဘော်သတင်းစာမှာတောင် မမြင်ရဘူး။ အမှန် NCA ကို လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲ အင်အားအကြီးမားဆုံးအဖွဲ့ဆိုတာ RCSS နဲ့ NMSP ပဲ ရှိတော့တာ။

ဒီတော့ စစ်ကောင်စီသတင်းစာမှာ RCSS က လာတာပဲ ဖော်ပြထားပြီး ပွဲမကျင်းပခင်၊ ပွဲကျင်းပပြီးနောက်တစ်နေ့အထိတောင် NMSP က ပွဲတက်တယ်ဆိုတာကို မဖော်ပြထားဘူး။ NMSP လာတယ်ဆိုရင် စစ်ကောင်စီအတွက် တကယ်ဝမ်းသာစရာကောင်းတဲ့ သတင်းဖြစ်ပေမဲ့ ဘာလို့ ထုတ်ပြန်တာတွေနောက်ကျနေတာလဲ၊ ဘာလို့ချက်ခြင်းမထုတ်ပြန်ရဲတာလည်း၊ NMSP ကကော ဘာလို့ NCA နဲ့ ပတ်သက်လို့ ဘာအသံမှ ထွက်မလာတာလည်း ဆိုတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စ ဖြစ်နေပါကော။ NMSP ဘက်ကနေကော နယ်မြေလှုပ်ရှားမှုခြင်းဆက်စပ်နေတဲ့ KNU လိုမျိုး NCA ပျက်ပြယ်ပြီဆိုတဲ့ သဘောမျိုး ရှိနေတာလား၊ နောက်ကွယ်မှာ စစ်ကောင်စီနဲ့ ဘယ်လိုဆက်ဆံမှုမျိုးရှိနေလဲဆိုတာကတော့ သတိထားရမယ့် အချက်ဖြစ်နေပါတယ်။

 

ဒါဆို NMSP ကို ဘေးဖယ်ပြီး နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ ကိုကြည့်မယ်ဆိုရင်ကော။ ဒါကတော့ ရှင်းပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ အင်အားအကောင်းဆုံးက RCSS ပါ။ စစ်ကောင်စီနဲ့ နီးစပ်တယ်လို့ ထင်ရပေမဲ့ ကြားနေအဖွဲ့လို ဖြစ်နေပါတယ်။ သူတို့ရဲ့အခြေအနေဟာလည်း ဘေးကြပ်နံကြပ်ပါ။ ပြီးတော့ PNLA နဲ့လည်း တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။ RCSS ခြေကျချိန်ရောက်နေလို့ စစ်ကောင်စီနဲ့ ပင်းနေတာလားဆိုပြီး မေးခွန်းထုတ်စရာပါ။

RCSS ပြီးရင် ကျန်တဲ့အဖွဲ့တွေကတော့ ဟိုတစ်ပြောက် ဒီတစ်ပြောက်ပါ။ ALP ဟာ အခုအချိန်မှာ ပါတီတွင်းအကွဲအပြဲတွေဖြစ်နေပြီး တပ်အင်အားဆိုတာတောင် အနည်းအကျဉ်းလောက်ပဲ ရှိပါတော့တယ်။ ရခိုင်လူထုကို ဦးမဆောင်နိုင်တော့ပါဘူး။ ဒါ့အပြင် ကရင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ DKBA နဲ့ KNU/KNLA (PC) တို့ကတော့ အင်အားရာဂဏန်းလောက်နဲ့ သူတို့ခွင်ထဲမှာ အဆင်ပြေသလို လှုပ်ရှားနေကြပါတယ်။ လားဟူအဖွဲ့ (LDU) ကတော့ ကချင်ပြည်နယ်မှာ အခြေစိုက်ပြီး သူတို့ရဲ့သတင်းတွေကိုတော့ မေ့လောက်မှ တစ်ခါခါကြားရတာဟာ အရပ်သားအစိုးရလက်ထက်ကတည်းကပါ။ 

PNLA ကိုကြည့်မယ်ဆိုရင် သူတို့ဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို မထောက်ခံကြောင်း ပြောလေ့ရှိသလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်အောင် ကြိုးပမ်းကြဖို့ တရားဝင်စာထုတ်ပြီး လှုံ့ဆော်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ သူလည်းရှမ်းတောင်မှာ မလှုပ်နိုင်ပါဘူး။ ဒါမှမဟုတ် မြေပြင်မှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လှုပ်ရှားနေတာလားဆိုတာကတော့ နီးစပ်သူတွေမှပဲ သိနိုင်မယ့်အခြေအနေပါ။ ဘာကြောင့်ဆို ရှမ်းတောင်နဲ့ကပ်ရပ် ကရင်နီပြည်နယ်မှာ တော်လှန်ရေးအင်အားစုဘက်ကတော့ အင်အားတော်တော်ကောင်းလာပြီး မြို့တစ်မြို့ကိုတောင် သိမ်းနိုင်ထားတဲ့ အခြေအနေဖြစ်နေလို့ပါ။

ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးနဲ့ ချိန်ပြီး ကြည့်မယ်ဆိုရင်ကော ပြီးခဲ့တဲ့ နှစ်ပတ်လည်ပွဲကို ဘယ်နိုင်ငံတွေ သွားတက်လားဆိုတာ ကြည့်ရပါမယ်။ သံရုံးတွေ ဒါဇင်နဲ့ချီရှိနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ပင်းနေတဲ့ နိုင်ငံတွေက သံအမတ်ကြီး (၁၀) ယောက်ပဲ လာတက်ကြပါတယ်။ ကျန်တဲ့ သံရုံးတွေကတော့ သံတမန်ဆက်ဆံရေးအဆင့်နှိမ့်ထားတဲ့အတွက် သံရုံးတာဝန်ခံတွေလောက်ပဲသွားကြပါတယ်။ အဲဒီသံရုံးတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်မပြောသေးပါဘူး။

ဒါဆို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာ ဘယ်သူလဲ ဆိုတာ အဖြေကသိသာနေပါပြီ။ စစ်ကောင်စီဟာ ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်၊ ၂၀၂၃ မှာ NCA နှစ်ပတ်လည်ပွဲကြီးကို ကြီးကြီးကျယ်ကျယ်ကျင်းပမယ်လို့ ပြောခဲ့ပေမဲ့ ထင်သလို ဖြစ်မလာတော့ ခင်မျာမှာ နှစ်ပတ်လည်ပွဲအတွက် စကားပြောတဲ့အချိန်မှာ မြန်မာစကားကို မြန်မာလိုပြောတာတောင် စကားတွေထစ်ပြီး မပီမသတောင် ဖြစ်နေရှာခဲ့ပါရောလား။ ဒီလိုပုံမျိုးနဲ့ဆို နောက်နှစ် NCA ပွဲဆိုတာတောင် ရှိနိုင်ပါ့ဦးမလားဆိုတာကတော့။ ။ 

Red News Agency

By Editor