လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။

“လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ”ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

“ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ”ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ဓါးပြတိုက်ခံရချိန်တွင် မီးမလာသည့်အတွက် ရွှေဆိုင်ရှိ CCTV က ပိတ်နေခဲ့သော်လည်း ဘေးကပ်လျက် ကုန်မာဆိုင်မှ လမ်းပေါ်ထိုးထားသည့် CCTV ကို ရရှိကြောင်း သိရသည်။

ဓါးပြတိုက်သူ လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် လုံးခင်းတံတားသစ်ဘက်မှလာပြီး ပြန်ထွက်ချိန်တွင် လုံးခင်းရွာထဲဘက်ကို ပြန်ထွက်သွားကြောင်း၊ အင်္ကျီအမည်းများ ဝတ်ဆင်ထားကြောင်း သိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာနှင့် ဆိပ်မူကျေးရွာတို့တွင် ယခုနှစ်အတွင်း ရွှေဆိုင် ဓါးပြတိုက်ခံရမှု သုံးခုရှိပြီဖြစ်ပြီး ‌တရားခံများကို မည်သည့်အဖွဲ့အစည်းကမျှ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေး‌ကြောင်း ဒေသခံများကပြောသည်။

အလားတူ ကျောက်ရောင်းဝယ်ပြုလုပ်သည့် သူဌေးအိမ်ဓါးပြတိုက်မှုနှင့် လမ်းပေါ်သွားလာသူများထံမှ ဆိုင်ကယ်ဖုန်းလုယူမှုများလည်း စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပြီး ရေခဲချောင်းသည်၊ ချဉ်ပေါင်းသည်၊ မုန့်ပို့သမားများ ပစ်သတ်ခံရမှုလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။

#RedNewsAgency

By Editor