ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ချိန်းခြောက်ငွေညှစ်နေသည့် ကိစ္စများကို လုပ်ဆောင်နေသည့် ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို ဦးဆောင်စီစဉ်ညွှန်ကြားနေသူမှာ စစ်ကောင်စီတပ် တပ်မ (၃၃)မှ ဗိုလ်မှူး မင်းထက်အောင် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဗိုလ်စောမောင်ဆိုသူက ဝန်ခံထားသည်။

ပျူစောထီးအဖွဲ့ ဗိုလ်စောမောင်

ဖားကန့်၌ ၂၀၂၃ ခုနှစ်အတွင်း ဈေးဆိုင်များအား တောင်းသည့်ငွေမပေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ငွေညစ်တောင်းခံသည့် ပျူအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူအား KPDFက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တပ်မ (၃၃) ဗိုလ်မှူး မင်းထက်အောင် ကိုယ်တိုင်စီစဉ်ညွှန်ကြားကြောင်း သိရသည်။

“ဒီဗျူဟာကုန်းကပဲ ဗိုလ်မှူး မင်းထက်အောင်ကို အစုပေးရတယ်၊ နောက် ဗိုလ်ကြီးဗညားဆိုတာက ကျနော်တို့နဲ့ အလုပ်တွဲလုပ်ရတာ၊ ဗိုလ်ဗညားဆိုတာက အထူး ကွန်မန်ဒိုထဲက” ဟု ခြိမ်းခြောက်တောင်းယူထားသည့် ငွေသိန်း(၃၀)နှင့် GPS စနစ်ထည့်သွင်းထားသည့် သေနတ်အတုတစ်လက်နှင့်အတူ ဖမ်းဆီးခံလိုက်ရသည့် ဗိုလ်စောမောင်က ဖော်ထုတ်ပြောထားသည်။

“ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ ငါတောင်းတဲ့အခွန်ပေးရင်ပေး မပေးရင် ဆိုင်မဖွင့်နဲ့၊ ဆက်ဖွင့်ရင် တစ်မိသားစုလုံး သတ်ပစ်မယ်” ဟု ဖုန်းဆက်ခြိမ်းခြောက် ငွေတောင်းသည့် ဗိုလ်စောမောင်ဆိုသူ ဇွန်လပထမပတ်အတွင်း ဖားကန့်၌ ပေါ်ပေါက်လာကြောင်း၊ ဇူလိုင်လ ဒုတိယပတ်တွင် ဆိပ်မူကျေးရွာအတွင်း ငွေလာယူသည့်အချိန် KPDF က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“တောင်းသည့်ငွေ ပေးလျှင်ပေး မပေးပါက သတ်ပစ်မည်” ဟု ခြိမ်းခြောက်ငွေတောင်းသည့် ပျူစောထီးအဖွဲ့၏ နောက်ကွယ်တွင် စစ်ကောင်စီတပ်က ဦးဆောင်လုပ်ကိုင်နေကြောင်း KPDFက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒါက ရှင်းပါတယ်ဗျ၊ KIA/KPDF က လုပ်ဆောင်နေသယောင် ပြည်သူတွေ အထင်လွဲစေဖို့၊ ကျနော်တို့ကို သိက္ခာချဖို့ပေါ့ဗျာ၊ စစ်ကောင်စီက ဗိုလ်မှူးအဆင့်တွေ ကိုယ်တိုင်ပါဝင်ပြီး မစ်ရှင်ယူပြီးကို အကွက်ရွှေ့နေတာဗျ”ဟု KPDF ရဲဘော်တဦးက ပြောသည်။

တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင်

စစ်ကောင်စီတပ် ဖားကန့် ဗျူဟာကုန်း တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင်၏ လက်အောက်ခံ ပြန်ပေးဆွဲငွေညစ်နေသူ ဗိုလ်စောမောင်ဆိုသူအား KPDF က ဖမ်းဆီးရမိပြီးနောက်တွင် စစ်ကောင်စီက ဖားကန့်၌ “ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်း”၊ “ပစ်ခတ်ရှင်းလင်းရေးအဖွဲ့” စသည့် အသုံး အနှုန်းများဖြင့် ခြိမ်းခြောက်ငွေညစ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း KPDF ရဲဘော်က ပြောသည်။

#RedNewsAgency

By Editor