ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

“တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်”

နောင်ရိုး

ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်‌တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။

လက်ရှိစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားဟာ လွိုင်ကော်မြို့‌ပေါ်မှာပဲရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေဆိုရင် လူသူကင်းမဲ့နေပါတယ်။ ဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ မိသားစုများသာ ကျန်နေတဲ့ အခြေအနေပဲဖြစ်တယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ပေါ်ရပ်ကွက်‌တွေမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ မြို့တချို့ကတော့ ကြားခံနယ်မြေအဖြစ်မျိုး ရှိနေတာပါ။ စစ်ကောင်စီကလည်း အထိန်းချုပ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိန်းချုပ်ထားတာမျိုး မလုပ်ထားတဲ့ တောအုပ်ကြီးဖုံးလွှမ်းနေတဲ့ မြို့တချို့တော့ ရှိပါတယ်။

ဒါ့ကြောင့်မို့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက ကြိုးပမ်းလျက်ရှိပါတယ်။ လက်ရှိမှာ ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားဆောင်းနဲ့ ဒီးမော့ဆိုတိုက်ပွဲတွေမှာ အကျအဆုံးများပြားလျက်ရှိတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေကနေ သိရပါတယ်။ တိုက်ပွဲနေကလည်း နေ့စဉ် ကရင်နီမှာ ဖြစ်နေသလို စစ်ကောင်စီတပ်တွေကလည်း တက်မလောက်လွှတ်မလောက် ပြန်မရောက်ဖြစ်နေတဲ့ အနေအထားပါ။ ကရင်နီပြည်ကနေ အောင်ပွဲခံပြန်လာတဲ့ စစ်ကောင်စီတပ် မရှိသေးပါဘူး။ နာရေးသတင်းကြိုစောင့်နေရတဲ့ တပ်တွင်း မိသားစုတွေသာ ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။

KNDF  ရဲဘော်များ

ထင်ရှားတဲ့တိုက်ပွဲသာဓကတွေအနေနဲ့ စစ်ကောင်စီဟာ ကရင်နီဒေသအတွင်းက သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ မိန်းလမ်းမကြီးတွေကို ပြန်လည်ရယူဖို့ကြိုးစားရာမှာ ဩဂုတ်လ (၂)ရက်နေ့ကစတင်ပြီး ငွေတောင်ရွာသစ်အနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ “တိုက်ပွဲက လအစထဲကပြင်းထန်နေတာ၊ စစ်ကောင်စီဘက်က မိန်းလမ်းမကြီးတွေကိုပြန်ယူဖို့ အသဲအသန်ထိုးစစ်ဆင်ပြီး အင်အားတွေတိုးပို့နေတယ်။ ပို့သလောက်လည်းကျနေတာများတယ်”လို့ မြေပြင်က တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပြထားပါတယ်။

ဩဂုတ်လ ၁၀ ရက် နဲ့ ၁၂ရက်နေ့မှာဆိုရင်လည်း ဒီးမော့ဆို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပြားမှုနဲ့ ပတ်သက်ပြီး KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝိရဲ့ လူမှုကွန်ယက်အကောင့်တွင် “တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်” လို့ ရေးသားထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဇီဝိန်ချုပ်သွားသူများထဲတွင် စစ်မှုထမ်းကောင်းဘွဲ့ရရှိထားသူတွေ ပါဝင်နေတာကို တွေ့ရှိရပါတယ်။

နေပြည်တော်ဘက်ကို တော်လှန်ရေးအဖွဲ့က စိုးမိုးလာမှာကြောက်တဲ့အတွက် စစ်အင်အားတွေ ဘယ်လိုပင် ပို့နေပေမယ့်၊ ကရင်နီကိုရောက်လာသမျှတပ်ရင်းတွေဟာ အကျ အဆုံးသာ ပိုမိုများပြားလာခဲ့တယ်။ အသိသာဆုံးဥပမာပြရရင် အညာဒေသမှာ လက်နက်မဲ့ ကျေးရွာသားတွေကိုသတ်ဖြတ်ပြီး နာမည်ကြီးနေတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းဆိုရင် ကရင်နီကိုရောက်တဲ့အချိန် “ဘီလူးက သရဲဖြစ်သွားပြီ “လို့တောင်လှောင်ပြောင်ရလောက်တဲ့ အထိ စစ်တပ်ရဲ့ အကျအဆုံးကိုမြင်လာရတယ်။

KNDF ရဲဘော်များ

ကရင်နီ (ကယား) ဆိုတာ မြန်မာနိုင်ငံမှာတော့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနှင့်ပြည်နယ် (၁၅) ခုထဲမှာ နယ်မြေအကျဉ်းဆုံးဒေသဖြစ်သလို ဌာနေဖွားလူဦးရေ အနည်းဆုံးဒေသလည်း ဖြစ်ပါတယ်။ ခုလိုဒေသကိုတောင် စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းစစ်ဆင်ရေးတွေပါ အသုံးချနေရပါတယ်။ ကရင်နီကို ဘယ်လိုစစ်ကြောင်းတွေပဲတက်တက် ဘယ်လို တပ်မတွေပဲတက်တက် အချိန်တန်တော့ အမျှဝေသံတွေသာ ညံခဲ့တယ်ဆိုတာမျိုးပါပဲ။

ကရင်နီကို ချေမှုန်းမယ်လို့ ကြိမ်းဝါးခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာ နေပြည်တော်ကိုတောင် ပြန်လည်ခြိမ်းခြောက်လာနိုင်မှာစိုးရိမ်တဲ့အတွက် နေပြည်တော်မှာလုံခြုံရေးအင်အားတွေတိုးမြှင့်ချထားရပြီး တော်လှန်ရေး မီးပွါးနေပြည်တော်ကို မကူးစက်လာနိုင်စေဖို့အတွက် အပြင်းအထန်ကြိုးစားနေရတဲ့ အခြေအနေကိုရောက်ရှိလာနေပြီပဲ ဖြစ်တယ်။ ကရင်နီတိုက်ပွဲတွေ နေပြည်တော်ရောက်လာရင်တော့ ဘယ်တပ်မှ လွှတ်စရာမလိုတဲ့ အနေအထားဖြစ်သွားမှာပါ။ ကရင်နီကို စစ်ကောင်စီတပ် ပို့လို့ကုန်သွားရင် တနိုင်လုံးအောင်ပွဲ နွေဦးအောင်ပွဲ ဆင်နွှဲကြဖို့သာ ကျန်ပါတော့တယ်ခင်ဗျာ။ ။

#RedNewsAgency

By Editor