ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက်တစ်ခုလျှင် ကျပ်သိန်းထောင်ချီတောင်းသည့် စစ်ကောင်စီ၏ တပ်မမှူးများက ငွေကြေးဂါဝရမပြုနိုင်သည့် အခြေခံလူတန်းစားများ ကျောက်ကျင်းတူးရာမှ သေဆုံးမှုအပေါ် လုံလောက်သည့် တာဝန်ခံမှု တာဝန်ယူမှုနှင့် ငွေပေးနိုင်သည့် ကုမ္ပဏီများအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိပဲ နှမ်းဖြူးခြင်းမျှသာဖြစ်သည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရသည်။

မနမှော် မြေပြိုဖြစ်စဉ်ဖြစ်ပွားချိန်၌ ပျောက်ဆုံးစာရင်း ပြုစုသူများထံမှ ၃၆ ဦး ပျောက်ဆုံးနေကြောင်း သိရသော်လည်း စစ်ကောင်စီ၏ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးက ဆယ်ဦး ဝန်းကျင်မျှသာ ပျောက်ဆုံးကြောင်း သတင်းမီဒီယာ အချို့ကိုဖြေကြားပြီး ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ရန်ကြိုးစားခဲ့သည်။

လက်တွေ့တွင် ရေကန်ထဲမှ သေဆုံးသူများ၏ ရုပ်အလောင်းများ တစ်ဖွားဖွားပေါ်လာပြီး ဖုံးဖိမရနိုင်တော့သည့် သတင်းများစိုးမိုးထားချိန်တွင်မူ အချိန်ကိုက် ထောက်ပံ့ငွေ ဆယ်သိန်းပေးမည်ဟု ထုတ်ဖော်ပြောကြားလာခြင်းလည်းဖြစ်သည်။

“လူမှုရေးဝန်ကြီးက သေဆုံးရုပ်အလောင်းတွေ့သူလည်းဖြစ်ရမယ်၊ ပိုင်ရှင်လည်းပေါ်ရမယ် အဲ့မိသားစုဝင်ကို တစ်ဦးသေဆုံးမှုအတွက် ငွေကျပ် ဆယ်သိန်း ထောက်ပံ့မယ်ပေါ့၊ ပိုင်ရှင်မပေါ်တာကိုတော့ အသုဘ သင်္ဂြိုလ်စရိတ် မီးရှို့စရိတ်ပေါ့ဗျာ အကုန်အကျပဲခံမယ်ပေါ့၊ ဒဏ်ရာရသူလည်း စကနဦးစာရင်း ခုနှစ်ဦးပဲ ထောက်ပံ့ငွေ နှစ်သိန်းလားတော့ မသိဘူးရမယ်ပေါ့၊ အဲ့လို ရဲမှူးကတဆင့် ပြောလာတာတော့ရှိတယ်”ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် မနကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောပြသည်။

ဩဂုတ်လ (၁၃)ရက်နေ့ မနမှော် မြေပြိုမှုဖြစ်စဉ်အတွင်း စာရင်းကောက်ယူထားမှုအရ ပျောက်ဆုံးသူ ၃၉ ဦး၊ ယနေ့အထိ ရုပ်အလောင်းပြန်လည်တွေ့ရှိသူ (၃၃)လောင်းဖြစ်သည့်အတွက် ပျောက်ဆုံးနေဆဲ (၆)ဦး၊ ဆေးရုံပို့ရသည့် ဒဏ်ရာရရှိသူ (၈)ဦးဖြစ်သည်။

သေဆုံးရုပ်အလောင်းပြန်ရသည့် (၃၃)ဦးထဲတွင် စာရင်းမပါသည့် ပိုင်ရှင်မဲ့က (၆)ဦးဖြစ်နေသေးသည့်အတွက် အမှန်တကယ်သေဆုံးသူသည် အယောက်(၄၀)နှင့်အထက်ရှိမည်ဖြစ်သည်။

လက်ရှိအချိန်ထိလည်း သေဆုံးရုပ်အလောင်းပြန်မရသေးသည့် မိသားစုဝင်များက ရေကန်အနီး မိမိတို့ မိသားစု၏ ရုပ်အလောင်းပြန်ရရေး စောင့်မျှော်နေကြဆဲဖြစ်သည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်‌၌ ကျောက်မျက်လုပ်ကွက်ကို စက်ယန္တရားဖြင့် တူးဖော်ခွင့်ရရန် ကျောက်မျက်လုပ်ငန်းရှင်များက တပ်မမှူး အသစ်တစ်ဦးပြောင်းလာတိုင်း ငွေကျပ်သိန်းပေါင်း‌ထောင်ချီ၊ သောင်းချီ ဂါဝရပြုမှ တူးဖော်ခွင့်ရခြင်းဖြစ်သည်။

ဖားကန့်၌ တာဝန်ကျသည့် တပ်မ (၃၃)၏ အချို့တပ်မမှူးများသည် ဂါဝရကြေးအဆင်မပြေသည့် လုပ်ကွက်အချို့ကို ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် လှမ်းထုကာ ခြိမ်းခြောက်ခြင်း၊ ကုမ္ပဏီလုပ်ကွက်အတွင်း ဝင်ရောက်စီးနင်းခြင်းမျိုးလည်း လုပ်ဆောင်လေ့ရှိသည်။

ဆောင်းနှင့်နွေရာသီတွင် ငွေကြေးအသုံးပြုနိုင် ဂါဝရကြေး ပေးနိုင်သူများက ကျောက်ကြောခုံအား စက်ယန္တရားဖြင့် စိတ်ကြိုက်တူးဖော်နှိုက်ယူထားပြီး မိုးတွင်းကာလအမှီ ပြည်သူများ အန္တရာယ်မကျရောက်စေရေး အချိန်မှီ ပြန်လည်မကုစားခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် သာမန် လက်ကျင်းကျောက်တူးသမားများက ခါတော်မှီပေးဆပ်နေရခြင်းသာဖြစ်ပြီး စစ်ကောင်စီက ငွေကြေးရတက်များပြုသမျှ ရေငုံနှုတ်ပိတ်ခြင်း အကျင့်ကို အာဂုံဆောင်ထားခြင်း၊ အခြေခံလူတန်းစားများကို ခြွေးသိပ်ခြင်းသာ ပြုမူနေကြောင်း မီးမောင်းထိုးပြလိုက်ရပေသည်။

#RedNewsAgency

By Editor