စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှု

လင်းယုန်

အခုရက်ပိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားမှာ တစ်နေ့တစ်ခြား ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့မြင်နေရပါသည်။ စစ်ကောင်စီတပ်သားအများအပြား ငရဲပို့နိုင်သလို မိမိတို့ပြည်သူ့တော်လှန်ရေးစစ်သည် ရဲဘော်များ၏အသက်ပေါင်းများစွာလည်း ရင်းနှီးပေးဆပ်နေရခြင်းကြောင့် လွန်စွာစိတ် မကောင်းသည့်အပြင် ခံပြင်းဒေါသ ဖြစ်မိသည်။

ပြည်တွင်းစစ်ပွဲကို နှစ်ပေါင်း ၇၀ နီးပါး ဖန်တီးပြီး မတရားမှုပေါင်းစုံကျူးလွန်လာခဲ့ သည့်အကြမ်းဖက်စစ်တပ်သည် မိမိတို့ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ သတင်းအချက် အလက်များနှင့်လုံခြုံမှုများကိုမျက်ခြေမပျက်စောင့်ကြည့်လေ့လာနေပြီး လက်ဦးမှုရယူရန် အချိန်တိုင်းကြိုးစားလျှက်ရှိနေသည်ကို များစွာသတိထားရန်လိုအပ်ပါသည်။ တိုက်ပွဲတစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ သတင်းလုံခြုံမှုနှင့်မိမိဘက်မှလက်ဦး မှုရယူနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ သတင်းလုံခြုံမှုဆိုရာတွင် ရန်သူ့သတင်း၊ မိမိသတင်းနှစ်မျိုးလုံးကိုဆိုလိုပါသည်။

ဇွန်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်တလိုင်းကျေးရွာဘက် သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်ရန်သွားရောက်စဉ် ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁၄ ဦးကျဆုံးခဲ့ကြောင်းနှင့် ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအပါအဝင် ကျေးရွာ ၇ ခုနှင့် ပြည်သူ့ကာကွယ်ရေးစခန်းကို အကြမ်းဖက်စစ်တပ်မှ နံနက်ပိုင်း ၄ နာရီ ၅၀ ဝန်းကျင်တွင် ဝင်ရောက်စီးနင်းကာ တပ်ဖွဲ့ဝင် ၁၆ ဦးနှင့် အရပ်သား ၃ ဦးသတ်ဖြတ်ခဲ့ကြောင်း သတင်းများကို ဖတ်ရပါသည်။

ဒီတိုက်ပွဲဖြစ်စဉ်ကိုကြည့်မည်ဆိုလျှင် မိမိတို့ဘက်မှ သတင်းလက်ဦးမှုမရခြင်းကြောင့် ရန်သူစစ်ကောင်စီ၏ အလစ်အငိုက်ဝင်တိုက်ခြင်းခံလိုက်ရပြီး ပေးဆပ်လိုက်သည့်ဖြစ်စဉ်ဖြစ်ပါသည်။ အခုတစ်ပတ်အတွင်း စစ်ကိုင်းမြို့နယ်ထဲ ပြည်သူ့ကာကွယ်ရေးစခန်းများကို စစ်ကောင်စီများက စီးနင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသည်။ မိမိတို့ ပြည်သူ့တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကောင်စီ၏အလစ်အငိုက်တိုက်မှုခံရခြင်း၊ သတင်းလုံခြုံမှုမရှိခြင်း၊ လူအင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်းခံရခြင်း၊ လက်နက်အင်အား မမျှတခြင်းများကြောင့် ပြည်သူ့သူရဲကောင်းများ၏အသက်များ ပေးဆပ်စတေးလိုက်ရခြင်းဖြစ်သည်ဟု ထင်မြင်မိပါသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏သတင်းအချက်အလက်များကို ပြည်သူ့ ကာကွယ်ရေးတပ်များထံသို့ ရတဲ့နည်းလမ်းဖြင့် ရောက်အောင် သတင်းပေးပို့ခြင်းဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးစေချင်ပါသည်။ ပြည်သူများ၏ သတိပေး၊ သတင်းပေးခြင်းစကားတစ်ခွန်းအပေါ်မူတည်ပြီး ပြည်သူ့တော်လှန်ရေးရဲဘော်များ၏ တိုက်ပွဲ၏ရလာဒ်အဆုံးအဖြတ်မှာ များစွာအထောက်အကူပြုပေးနိုင်ကြောင်း နားလည်စေချင်ပါသည်။ ယခုကာလသည် မိမိတို့နှင့်မဆိုင်သကဲ့သို့နေရမည့်အချိန်ကာလ မဟုတ်တော့ကြောင်းလည်း ပြည်သူများအားလုံးနားလည်ထားကြမည်ဟုထင်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် သူတို့လိုချင်သော ရန်သူ့သတင်းအချက် မလက်မရမချင်း ပြည်သူများကိုနည်းလမ်းပေါင်းစုံနှင့် နှိပ်စက်သတ်ဖြတ်ခြင်းအထိ မေးမြန်းမည်ဖြစ်ကြောင်း နားလည်ထားကြပြီးဖြစ်မည်ဟု လည်းယူဆပါသည်။ စစ်ကောင်စီတပ်များသည်ရန်သူ့ သတင်းနှင့်လှုပ်ရှားမှုများကို ကြားဖြတ်ခိုးယူနားထောင်သည့် အဆင့်မြင့် ဆက်သွယ်ရေးစက်များ၊ ရပ်ညွှန်းရှာဖွေရေးစက်များ၊ နည်းပညာများအသုံးပြုကာ ရန်သူ့ သတင်းကိုလက်ဦးမှုရယူသည့်အပြင် ပြည်သူများကိုအတင်းအားဓမ္မ မေးမြန်းမှုများလည်း ရှိကြောင်းတွေ့မြင်ကြမည်ဖြစ်ပါသည်။

စစ်ကောင်စီတပ်မှာ ပြဌာန်းထားသည့် စစ်အောင်နိုင်သေ ာအကြောင်းကြီး(၁၀) ချက်ရှိပါသည်။ ထိုအထဲမှ သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှုများ အထူးဂရုပြုရမည်ဖြစ်သည်။

မိမိတို့၏လုပ်ဆောင်ချက်မှန်သမျှကို မဆိုင်သည့်သူများ၊ စိတ်ချမှုမရှိသည့်လူများ ထံသိုမပေါက်ကြားမိအောင် အထူးဂရုပြုရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ မိမိတစ်ဦးတစ်ယောက်၏စိတ်ခံစားချက်တစ်ခုကြောင့် မဆင်မခြင် သတိလက်လွတ်ထင်ရာမြင်ရာလုပ်မိ ပြောမိလိုက်ခြင်းကြောင့် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းတစ်ခုလုံး အသက်ပေးဆပ်ရမည်ဖြစ်ကြောင်းကို အထူးသတိပြုရန်လိုအပ်မည်ဖြစ်သည်။ မိမိတို့နှင့် ရင်ဆိုင်တိုက်ခိုက် နေသောအဖွဲ့အစည်းသည် ရက်စက်ယုတ်မာကြမ်းကြုတ်မှု သရဖူဆောင်းပြီး စာနာထောက်ထား သက်ညှာမှုကင်းမဲ့သည့် လူ့တရိစ္ဆာန်များဖြစ်ကြောင်းကို စိတ်စွဲမြဲစွာခံယူ ထားရမည်ဖြစ်ပါသည်။

ထိုနည်းတူ မိဘပြည်သူများအနေဖြင့်လည်း ကိုယ်ကျိုးစွန့်ပြီးမတရားမှုကိုရှေ့တန်း စစ်မြေပြင်မှာ အသက်ပေးကာကွယ်တော်လှန်ဆန့်ကျင်နေသည့် ပြည်သူ့သူရဲကောင်း တော်လှန်ရေးစစ်သည်များအပေါ် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များအားလုံးနှင့် ပြည်သူတရပ်လုံး ဆန္ဒပြကန့်ကွက်နေကြသည်မှာ ကျဆုံးသွားသောရဲဘော်ရဲဘက်တို့အတွက်သာမဟုတ်ဘဲ ပစ္စုပ္ပန်ဘဝကို အဓိပ္ပါယ်ကင်းမဲ့စေပြီး အနာဂတ်ဘဝအတွက်လည်း မျှော်လင့်ချက်မပေးနိုင်သော စစ်အာဏာရှင်စနစ်က ပြည်သူအားလုံး၏အသက်ရှင်သန်ခွင့်ကို ငြင်းဆန်နေသည့်အတွက် တော်လှန်ဆန့်ကျင်ပေးဆပ်နေခြင်းများသာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Red News Agency

By Editor