တိုက်ပွဲအတွင်း PDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရပြီး ဖမ်းဆီးခံရသည့် ရဲဘော် (၁) ဦးလည်း ကျဆုံးခဲ့ရ

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာသို့ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင်အား ဖမ်းဆီးသွားသည့်အတွက် ကယ်ထုတ်ရန် တိုက်ပွဲဖြစ်ပွားချိန် PDF ရဲဘော် (၃) ဦးကျဆုံးကာ ဖမ်းဆီးခံလိုက်ရသည့် ရဲဘော် သက်ခိုင်ပါ ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄) မှ စခန်းမှူး ဗိုလ်စာကလေး (ခ) ဆရာသက်ခိုင် အားကယ်ထုတ်သည့် တိုက်ပွဲအတွင်း ဆရာသက်ခိုင်၏ သားကြီးဖြစ်သူ PDF ရဲဘော်ပါ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။

ဒလန်သတင်းပေးမှုကြောင့် ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ပရိမ္မကျေးရွာသို့ စစ်ကောင်စီတပ်မှ အလစ်ဝင်ရောက်စီးနင်းကာ ရဲဘော်သက်ခိုင်အားဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်အား ကယ်ထုတ်ရန် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) နှင့် မိတ္ထီလာခရိုင်တပ်ရင်းအမှတ် (၂)၊ မြင်းခြံခရိုင်တပ်ရင်း – (၈)တို့မှ နည်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) မှ ရဲဘော် ၂ ဦး၊ မိတ္ထီလာခရိုင်တပ်ရင်း-၂ မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်ကိုလည်း လမ်းတွင် သတ်ဖြတ်သွားကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၂) ဦးသေပြီး (၃) ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

#RedNewsAgency

By Editor