လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား စာရေးဆရာဆရာညီပုလေး ကွယ်လွန်

RNA_ဇွန်(၂၁)၊၂၀၂၃ ခုနှစ်။

လူထု ဦးလှ + လူထု ဒေါ်အမာတို့၏သား မန္တလေးမြို့မှအမျိုးသားစာပေဆုရှင် စာရေးဆရာဆရာညီပုလေး ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မန္တလေးစာပေ လောကသားများထံမှ သိရသည်။

အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ရက်နေ့တွင် အမည်ရင်း ငြိမ်းချမ်း (ခေါ်) ဘိုညို ကလောင်အမည် ညီပုလေး ကိုသားသမီး ၅ ဦးတွင် အထွေးဆုံးအဖြစ် မွေးဖွားခဲ့သည်။

စာရေးဆရာ ညီပုလေးသည် ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ကြားခဲ့ပြီး၊ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထုဦးလှ၊ အမိ လူထုဒေါ်အမာတို့နှင့်အတူ မန္တလေးထောင်တွင် ၇ လ အချုပ်ကြခဲ့သည်။

စာရေးဆရာ ညီပုလေးသည် ဝတ္ထုများ၊ ခရီးသွားဆောင်းပါးများ၊ ဝတ္ထုတိုများစွာရေးသားခဲ့ပြီး “ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်” စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်။

#RedNewsAgency

By Editor