ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။
 
ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ မေလ (၁) ရက် နံနက် (၄) နာရီ (၅၀) မိနစ်မှစတင်ကာ (၂) နာရီကြာမြို့တွင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Bawlakhe PDFကယနေ့ ထုတ်ပြန်ထားသည်။

“ထိုစီးနင်းတိုက်ခိုက်မှုတွင် စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး လ.ဝ.က ရုံးအားလည်းဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၄၃၀ တပ်ရင်း မှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ ထိုစီးနင်းတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ၇ ယောက်သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။အကြမ်းစစ်ကောင်စီဖက်မှ သေဆုံးအလောင်းများနှင့် ဒဏ်ရာရလူများအားပြန်လည်ဆွဲယူသွားခဲ့ပြီး ၂၊၅၊၂၀၂၃ တွင် ဒဏ်ရာရလူနာများအား ရဟတ်ယာဉ်ဖြင့်လာ‌ ရောက် ခေါ် ယူသွားခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ G4 ၁လက်၊ AK 22 ၁လက်၊ G4 ကျည်ဘောက် ၆ဘောက်၊ AK ကျည်ဘောက် ၃ဘောက်၊ လက်ပစ်ဗုံး ၁လုံးနှင့် ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဘောလခဲပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ (BPDF) အမှတ်-၁၁၀၅ တပ်ရင်း မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor