တော်လှန်ရေးသည်ကလဲ့စားမဟုတ်

“ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ”
 
ချမ်းမင်း – CDM တပ်မတော်သား
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။
 
ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက ဗမာစကားကောင်းကောင်းပြောတက်ကြပြီး ဖော်လဲဖော်ရွေကြတယ်။ ကျွန်တော်တို့ကို နေရာထိုင်ခင်းချပြီးတော့ နင်တို့ရေချိူးကြမလား ဒီမှာတော့ မြစ်ထဲပဲချိူးကြတာပဲဆိုပြီး မြစ်ကမ်းဘေးလိုက်ပို့ပေးကြပါတယ်။
 
ရေမိုးချိုးထမင်းစားပီး ခဏတဖြုတ်နားနေတဲ့အချိန်မှာ ရဲဘော်တစ်ယောက်က ကျွန်တော်တို့ကို တပ်ရင်းမှူးက ခေါ်ခိုင်းလိုက်လို့ဆိုပြီး လာခေါ်ပါတယ်။ ကျတော်တို့လဲ ရဲဘော်လေးခေါ်ရာ လိုက်သွားတော့ တပ်ရင်းမှူးဆိုသူရဲ့ အိမ်ကိုရောက်သွားပါတယ်။

တပ်ရင်းမှူးသာဆိုတယ် ဘာပကာသနမှမရှိဘဲ ဖော်ဖော်ရွေရွေပါပဲ။ ရောက်တာနဲ့ တပ်ရင်းမှူးက ကျတော်တို့ရဲ့နာမည်တွေ CDM မလုပ်ခင် တာဝန်ထမ်းဆောင်ခဲ့တဲ့တပ်တွေကိုမေးပြီးတော့ ငါက နင်တို့နဲ့စကားပြောချင်လို့ပါ ပေါ့ပေါ့ပါးပါးနေကြပါ ဟုဆိုကာ စကားစမြည်ပြောကြပါတယ်။ တော်လှန်ရေးနဲ့ပတ်သတ်ပြီး ကိုယ့်အမြင်သူ့အမြင် တပ်တွင်းဖြစ်ပျက်နေတဲ့အခြေအနေတွေ အစုံပါပဲ ပြောဖြစ်ကြတာပေါ့။
 
သူနဲ့စကားပြောရင်းနဲ့မှ တိုင်းရင်းသားတွေခံစားနေရတာတွေ ခံစားခဲ့ရတာတွေကို ပိုပြီးသိလာရပါတယ်။ ဦးခင်ညွှန့်လက်ထက် ဗိုလ်သန်းရွှေလက်ထက် ကရင်ရွာတွေအပေါ်ရက်စက်တာတွေ သူပြောပြတော့ ကျွန်တော်တို့မှာ စိတ်မကောင်းတွေဖြစ်လို့ဗျာ။
 
ဦးခင်ညွှန့်ရဲ့ဘောင်းဘီတိုတပ်ဆိုတဲ့ လူရမ်းကားတပ်တွေက ကရင်ရွာတွေကို ရွာလုံးကျွတ်မီးရှို့တာတွေ တိုင်းရင်းသူတွေကို မုဒိန်းကျင့်တဲ့အကြောင်းတွေကော အပါအဝင်ပေါ့။ တပ်ရင်းမှူး ပြောပြတဲ့ ဘောင်းဘီတို တပ်ဆိုတာကို တပ်ထဲမှာ သင်တန်းစတက်ကတည်းက ကျွန်တော်တို့ ကြားဖူးနေကျပါ။ ကရင်ပြည်တစ်ကြောမှာ နာမည်ကြီးပြီး တကယ်လည်းရက်စက်တဲ့ လက်မရွံ့တပ်တွေပေါ့။
 
ဘောင်းဘီတိုတပ်မှာ ရွေးချယ်ထားတဲ့စစ်သားတွေအကုန် ကရင်စကားပြောတက်ကြတယ်။ ရွာတွေထဲကို ဘောင်းဘီတို အရပ်ဝတ်တွေနဲ့လာကြပြီး ရွာသူရွာသားတွေကို ဝင်ရောကြတာပေါ့။ ရွာခံတွေဆီမှာ ထမင်းဟင်းတွေတောင်းစားကြပြီး အစိုးရမကောင်းကြောင်း စစ်တပ်မကောင်းကြောင်းကို ကရင်စကားနဲ့သွေးတိုးစမ်းပြောကြတာပေါ့။ ရွာခံတွေကလဲ ကရင်စစ်သားတွေထင်ပြီး စစ်တပ်မကောင်းကြောင်း ပြန်ပြောမိတာနဲ့ အိမ်ရှင်ကိုခေါင်းဖြတ်သတ်တဲ့အပြင် တစ်ရွာလုံးကိုလဲ မီးတင်ရှို့သတ်ဖြတ်သည်အထိ သွေးအေး ရက်စက်ကြမ်းကြုတ်ကြသူတွေဖြစ်တယ်။ အဲ့လို ရက်စက်ပုံတွေကို သင်တန်းမှာနည်းပြဆရာတွေက ဂုဏ်ယူစွာနဲ့ ပြောပြကြသလို ကျွန်တော်တို့ကလဲ စစ်သွေးစစ်မာန်တွေကြွပြီး အားကျခဲ့ဖူးပါတယ်။ ဖထီးပြောပြနေတဲ့အချိန် အရင်ကစစ်ဗျူဟာမှာအားကျခဲ့မိတဲ့ ကိုယ့်ဟာကိုယ်တောင် ရှက်မိပါသေးတယ်။
 
ပြီးတော့ တပ်ရင်းမှူးက နင်တို့အရင်က ငါတို့တိုင်းရင်းသားလက်နက်ကိုင်တွေကို မုဒိန်းကောင်တွေ ရွာတွေကိုဖျတ်ဆီးတဲ့အဖျတ်သမားတွေလို့ ထင်ခဲ့ကြတယ်မလား။ ငါတို့ကရင်ပြည်ထဲက ကြိုက်တဲ့ရွာကို နင်တို့သွားပြီးမေးလိုက်ပါ ရွာတွေကို တကယ်မီးရှို့ မုဒိန်းကျင့်နေတာ ဘယ်သူလဲဆိုတာ သိရလိမ့်မယ်တဲ့။
 
ပြောကြဆိုကြ ပြီးလို့ပြန်ခါနီး အချိန်လောက်မှာ တပ်ရင်းမှူးက ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ။ မြန်မာနိုင်ငံသာ ခေါင်းဆောင်ကောင်းလက်ထဲရောက်သွားရင် အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးတိုးတက်သွားမှာ။ နင်တို့တိုင်းပြည်ကိုချစ်သလို ငါတို့လဲချစ်တာပေါ့တဲ့။
 
ဖထီးပြောတဲ့စကားကို ကျွန်တော်တော်တော်လေး သဘောကျသွားပြီး ဖထီးကိုလဲ အတော်လေးစားမိသွားတယ်။ အာဏာရှင်တွေရဲ့ ရက်စက်မှုတွေအတွက်လဲ အရမ်းအားနာရသလို သူတို့တိုင်းရင်းသားတွေ ခံစားရတာကို ကိုယ်ချင်းစာမိတယ်။
 
ပြီးတော့ သူတို့ဘက်က အဲ့လိုဖြူစင်လေလေ တိုင်းရင်းသားတွေကိုရက်စက်ဖိနှိပ်ခဲ့တာတွေကို လစ်လျူရှု့မိတဲ့ မိမိကိုယ်ကိုအရှက်ရမိလေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ တက်နိုင်သလောက် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အာဏာရှင်ရဲ့ လုပ်ရပ်တွေကို အတက်နိုင်ဆုံး ကောင်းမွန်မှုတွေနဲ့ ချေဖျက်သွားမယ်လို့ ဆုံးဖြတ်မိပါတော့တယ်။ အေးချမ်းတဲ့ အခြေအနေမျိုး ပြန်ရလာတဲ့အချိန် ဖထီးနဲ့ ပြန်ဆုံရင်း စကားတွေ ဖောင်ဖွဲ့ပြောချင်ပါသေးတယ် ဖထီးရေ…..ကျေးဇူးတင်ပါတယ်။
 
#RedNewsAgency
By Editor