ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။
 
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးကို ခေါ်ယူဆုံးမသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည့်ကိစ္စအတွက် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လက်တုန့်ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဖိုးအောင် (ခ) ကိုအောင်ဖြိုးဝေအား ဧပြီလ (၇) ရက်နေ့ နေ့လည်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဇနီးဖြစ်သူက တိုင်ထားသည့်အတွက်ဟုဆိုကာ လာခေါ်ပြီး ရိုက်နှက်ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုဖိုးအောင်သည် ဧပြီလ ၁၃ ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်က ကွယ်လွန်ခဲ့ရသည့်အတွက် ယနေ့ (ဧပြီ ၁၄ ရက်) ညနေ (၃) နာရီတွင် ရေဝေသုဿာန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

“ ဌ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဟောင်ကောင်းတိုင်းတော်တော်ဟောင်နေတာ ဒီခွေးတွေ ကံသီနေလို့ပါ သူတို့ရုံးကိုလည်း မကြာခဏတိုက်ခိုက်တယ်၊ လူတွေသာမထိသေးတာပါ။ မြောက်ဥက္ကလာထဲမှာတော့ စွာပါတယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးတွေ လူရှေ့သူရှေ့မထွက်ရဲတာကြာပါပြီ၊ အခုကိစ္စကလည်း ပြည်သူကို ထိလာတာ ဒါကို သိခံနေလို့မရဘူး၊ လက်တုန့်ပြန်ရမယ် ပြည်သူ့တရားစီရင်ရမယ်။ ဒီကောင်တွေအဖွဲ့မကြာပါဘူး လက်တုန့်ပြန်နိုင်မှာပါ” ဟု မြိုပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောသည်။
 
(ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ကိုအောင်ဖြိုးဝေအား ဇနီးဖြစ်သည်သူ တိုင်ထားသည်ဟုဆိုကာ အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် ကျောကုန်းတွင် အဖုကြီးထွက်နေပြီး၊ ခြေဖဝါးများကို ဝါယာကြိုးများပူးခေါက်ပြီး ရိုက်ထားသည့်အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်ကြောင်း၊ ဖိနပ်များစီးပြီး တကိုယ်လုံးကို နင်းကြ ကန်ကြ ပြုလုပ်ခဲ့ကြကြောင်း၊ အရိုက်ခံရပြီး မသက်သာသည့်အတွက် ဆေးရုံတွင် ကုသမှုခံရယူရန်သွားရောက်စဉ် အဆုတ်ကွဲပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
 
ကိုအောင်ဖြိုးဝေ သေဆုံးမှုတွင် အဓိက တရားခံများမှာ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးအောင်မြင့်ကျော်၊ အုပ်ချုပ်ရေးမှူးလက်အောက်ခံ အာနိုး၊ တောသားကြီး၊ အရှည်ကြီးနှင့် အပေါင်းအပါများဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများသည် လက်နက်များကိုင်ဆောင်ထားကြကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ အကာအရံများနှင့် လုံခြုံရေးဂရုစိုက်သည့်ကြားမှ သုတ်သင်ခံရမှုများရှိကြောင်း သိရသည်။
 
#RedNewsAgency
By Editor