ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။

ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ပခုက္ကူစစ်ဒေသတွင်ပြုလုပ်သည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နှင့် ဂုဏ်ပြုဦးညွတ်သည့် အခမ်းအနားတွင် မဟာမိတ်အဖွဲ့အစည်းတချို့မှ ရဲဘော်များတက်ရောက်ခဲ့ကြောင်း၊ တပ်ဦးအလံတော် တဝက်ချခြင်းနှင့် သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရဲဘော်ဝဿန်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ (၈) ရက်နေ့မှ စတင်ကာ ပခုက္ကူမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖိနှိပ်ခံပြည်သူ လူထုဖက်မှ မားမားမတ်မတ်ရပ်တည်တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF
ပခုက္ကူလှုပ်ရှားစစ်ဒေသ၊ ဝက်လက်လှုပ်ရှားစစ်ဒေသတို့တွင် တစ်နှစ်ခွဲခန့်ကြာအောင် တိုက်ပွဲများဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု PRF က ထုတ်ပြန်ထားသည်။
 
၂၀၂၃ခုနှစ် ဧပြီလ(၂) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းရွှေဘိုတက္ကသိုလ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၊ Shwe Bo Dhuwun (PLA)၊ Burma Ranger(Shwe Bo)၊ X-Force LPDF ShweBo၊ ရွှေတောသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ရခြင်း ဖြစ်သည်။
#RedNewsAgency
By Editor