မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။

၂၀၂၃ခုနှစ်၊ မတ်လအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂၈၁) ဦးသေဆုံးပြီး (၈၀) ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်လာသည့်အပေါ်  ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှတပ်ရင်း တစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD နီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

“မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည် နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲစုစုပေါင်း (၁၀၂) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၈၁)ဦး သေဆုံးကာ၊ (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” ဟု KNDFမှ ထုတ်ပြန်ထားသည်။

ဘောလခဲမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းများအား ဒေါတမကြီး၊ ဒေါညင်းခူ နှင့် ဒေါဆိုဖျကျေးရွာအနီးတဝိုက်တို့တွင် ကရင်နီတပ်မတော်(KA)၊ KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊ KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြသည်။

မတ်လအတွင်း စစ်ကောင်စီ နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦးအား အရှင် ဖမ်းဆီးရမိခဲ့သလို စစ်ကြောင်းထိုးစဉ်အတွင်း ခလရ(၁၂)မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦး MA-3သေနတ် တစ်လက်နှင့်တကွ KNDF ထံ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်များအား KNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် စာသင်ကျောင်း(၃)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅)ဦး သေဆုံးခဲ့ရပြီး၊  အကြမ်းဖက်စစ်ကောင်စီမှ သံဃာတော် (၃)ပါး အပါအဝင် အရပ်သားပြည်သူ(၂၅)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၂၉)ဦး ထိခိုက်ခဲ့ရသည်ဟု စသဖြင့် KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်များ ထံမှ လက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး (၉)လက်နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ပါသည်ဟု သိရသည်။

#RedNewsAgency

By Editor