ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

လက်တလော အရေးကြီးပြီး ဦးစား‌ပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှုတွေ၊ စနစ်ကျနခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများဖြစ်မှာဖြစ်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ယုံကြည်အားကိုးတဲ့ အစိုးရရဲ့အကာအကွယ် အစောင့်အရှောက်တွေကို အပြည့်အဝ ရချင်မှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြေပြင်ပေါင်းစပ်ညှိနှိုင်းမှုတွေ စနစ်တကျ လုပ်ဆောင် သွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ပြောကြားလိုပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းကာလအဖြစ် ဆောင်ရွက်ကြရာမှာ ပြည်တွင်းအားကို အဓိကအခြေပြုပြီး မဟာမိတ်အင်အားစုများနှင့် ထိတွေ့ညှိ နှိုင်းဆက်ဆံခြင်း၊ ပြည်သူ့ထောက်ခံမှုနှင့် စိတ်ဓာတ်အင်အားများကို မပြတ်မြှင့်တင်ခြင်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရမှာ ဖြစ်သည်ဟု ဆိုသည်။

“တပြည်လုံးအနှံ့ပါဝင်တဲ့ တော်လှန်ရေးကာလ ဖြစ်တာကြောင့် စီမံဆောင်ရွက်ကြရာမှာ လစ်ဟာမှုတွေရှိနိုင်သော်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာတော့ လစ်ဟာအားနည်းမှုတွေ မဖြစ်ရအောင် သတိကြီးစွာ ထားရမှာ ဖြစ်ပါတယ်။ ပြည်သူ လူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းက လက်နက်ကိုင်တော်လှန်ရေး အင်အားစု တွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးဆိုတာ အားလုံးသိရှိနားလည်ပြီးသား ဖြစ်မှာပါ။ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ယူထားကြတဲ့ ဝန်ကြီး ဌာနတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ၊ loca lအဖွဲ့တွေနဲ့ ပကဖတွေအားလုံး command တစ်ခုတည်းအောက်မှာ စုစည်းလုပ်ဆောင်ကြ ဖို့၊ NUG command အောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့နဲ့ ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်အောင် ပံ့ပိုးပေးဖို့ စတာတွေအတွက် ပိုမိုအားထုတ် ညှိနှိုင်းလုပ်ဆောင်ကြဖို့ လိုပါတယ်” ဟုလည်း မန်းဝင်းခိုင်သန်းကမှာကြားထားသည်။

စနစ်တစ်ခုကို အပြောင်းအလဲဖြစ်အောင် ဖြိုဖျက် တွန်းလှန်ရာမှာ ပါဝင်ဆောင်ရွက်ကြနေကြသည့် အစုအဖွဲ့အသီးသီးက ရည်ရွယ်ချက်၊ ပန်းတိုင်၊ လမ်းကြောင်းများ တူညီနေကြပြီးသားဖြစ်သည့်အတွက် ရည်ရွယ်ချက်ကို စွဲကိုင်ကာ ပန်းတိုင်ကိုသွားကြသည့်လမ်းကိုရွေးချယ်ကြရာတွင် နည်းလမ်းများ အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း၊ မည်သို့ပင်ဆိုစေ ဘုံရည်မှန်းချက် တူညီနေကြသူတွေဖြစ်သည့်အတိုင်း ညှိနှိုင်းလို့ မရနိုင်စရာမရှိနိုင်ကြောင်း၊ တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် ဆက်လက် ကြိုးစားညှိနှိုင်းကြပြီး ခိုင်မာတောင့်တင်းသည့် စုစည်းညီညွတ်မှုမျိုး တည်ဆောက်ကာ ခရီးဆက်ကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတိုက်တွန်းခဲ့သည်။

#RedNewsAgency

By Editor