ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

RNA_ဖားကန့်၊မတ် (၁၀)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်း မျောစင်ထောင် ရွှေမျောတိုက်နေမှုကို ဒေသခံပြည်သူများက လက်မခံ မကျေနပ်ကြကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့်  ‌ရွှေမျောတိုက်နေသည့်လုပ်ငန်းအများစုက စစ်ကောင်စီနှင့် ဘာသာရေးနောက်များကြောင့် လုပ်ကိုင်နေသည့်အတွက် ပြည်သူများမှာ တရားဝင် မပြောရဲကြခြင်း ဖြစ်နေကြသည်။

“အများသူငှာအသုံးပြုနေရတဲ့ကန်လေ၊ ဘက်ဟိုးနဲ့ကုပ် ‌မျောစင်ကြီးထောင်ပြီး နေ့ည ရွှေမျောတိုက်နေတော့ စက်သုံးစွန့်ပစ်ဆီတွေ၊ ပြဒါးအသုံးပြုမှုတွေကြောင့် သန့်ရှင်းသပ်ရပ်မှုလည်းမရှိဘူး၊ ကျန်းမာရေးအရလည်း အဆင်မပြေဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ အများသုံးကျေးရွာပိုင် လုပ်ကွက်ဟောင်းရေကန်သည် ဖားကန့်-လုံးခင်းသွား ကားလမ်းမဘေးမှာတည်ရှိနေခြင်းကြောင့်လည်း အများပြည်သူအလွယ်တကူဝင်ထွက် အသုံးပြုနေသည့် လျားပေ (၁၅၀၀)ခန့်၊ အနံပေ (၅၀၀)ခန့် ရှိသည့်  ရေကြည်ကန်တစ်ခုဖြစ်သည်။

“ဒီကန်မှာက မီးသတ်ကားတွေ၊ ကုမ္ပဏီရေကားတွေ
လည်း ရေလာထည့်နေရတဲ့ကန်ဟုတ်တယ်၊ ကျောက်စိမ်းမှော်ဆိုတော့ တူးပြီးသားကန်ထဲ စွန့်ပစ်မြေစာပြန်ဖို့ တစ်ချို့က ဘေးကမ်းပါးတွေပြိုကျ လူတွေအန္တရာယ်ဖြစ်ကြတယ်၊ ဒီရေကန်ပဲ လမ်းမကြီးနဲ့ကပ်နေတာကတစ်ကြောင်း၊ ဘေးနားက မှော်ရွာတွေဝိုင်းနေတာကတစ်ကြောင်းမို့ အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနေရတာဖြစ်တယ်”လို့ ဒေသခံက ပြောပါတယ်။

မျောစင်ထောင် ရွှေမျောတိုက်နေသည့် လုပ်ငန်းရှင်များမှာ မည်သူမည်ဝါမှန်း တိတိကျကျ မသိကြရသလို ရွှေမျောတိုက်နေတာလည်း တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ရွှေမျောစင်အနီးက မြေကွက်သည် သာသနာရေးနယ်မြေတစ်ခုဖြစ်သည့်အတွက် ဘာသာရေးနောက်ခံရှိနိုင်သည့်အတွက် ဒေသခံပြည်သူများမှာ မည်သူမှ မကန့်ကွက်ရဲကြကြောင်း သိရသည်။

#RedNewsAgency

By Editor