စာပြင်စာတည်း၏ မှတ်စုများ (၄) – (၅)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ဓမ္မစကားသည် ချိုမြိန်လှ၏။ စကားတစ်ပိုဒ် တစ်ပိုဒ်သည်ပျားသကာနှင့် တူ၏။ကောင်းကျိုးပြု၏။ မင်္ဂလာတရားနှင့် ပြည့်စုံ၏။အမြိုက်အရသာ ရှိ၏။ ဒိုဟာဓမ္မကဗျာကမ္ဘာ့ဝိပဿနာ သာသနာပြုတရားပြဆရာကြီး၊ဝဏ္ဏကျော်ထင် ၊မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာကြီး ဦးအက်(စ်)အင်(န်)ဂိုအင်ကာ။

ကာမရာဂ၏ ထွက်မြောက်ရာ ၃ မျိုး
၁။ ဝိက္ခမ္ဘန နိဿရဏ- နီဝရဏတရားတို့ကို ပယ်ခွာဖျက်ဆီး ဖယ်ရှားသောအားဖြင့် ဆန့်ကျင်ဘက်တရားတို့မှ ထွက်မြောက်ကြောင်း ပထမဈာန်၊
၂။ တဒင်္ဂ နိဿရဏ- ထိုထိုဆန့်ကျင်ဘက်ကိလေသာတို့မှ ထွက်မြောက်ကြောင်း ဝိပဿနာ၊ ၃။ သမုစ္ဆေဒ နိဿရဏ- နီဝရဏတရားတို့ကို အကြွင်းမဲ့ ပယ်သတ် ပယ်ဖြတ်သောအားဖြင့် ကိလေသာတို့မှ ထွက်မြောက်ကြောင်း မဂ်လေးပါး။ (သံ၊ဋ္ဌ၊၃။၂၀၉။)
ကြာတော့သည်လည်း မောင့်စကား ရွာတော့သည်လည်း မိုးသိကြားဖြာတော့သည်လည်း တိမ်ညွန့်ဖျားကြာတော့သည်လည်း မောင့်စကား ရဝေရှင်ထွေး၏မိုးဘွဲ့ရတု အချပိုဒ်များမြန်/ပေါင်း၊၂၊၂၃၇။

ပေါရာဏကသိက္ခာ အတတ်ပညာ
ရှေး၌ ဖြစ်ဖူး၊သုံးစွဲဖူးသော စကားဟောင်း ထုံးဟောင်း သာဓကဟောင်း ရာဇဝင်သမိုင်းဟောင်းများကို လေ့လာသောအတတ်ပညာကို ပေါရာဏကသိက္ခာဟု ခေါ်ဆိုပါသည်။မြန်/ပေါင်း၊၁၊
အစွဲလွှတ်မှ အပူလွတ်မယ် ဗုဒ္ဓမြတ်စွာသာသနာကို အမှီပြုပြီးတော့ အသိပညာတရားရအောင်-တရားနာယူလို့-လေ့လာလို့-တရားဖတ်ရှုလို့-တရားအသိပွားလို့အသိပညာ ရှိလာတဲ့အခါမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိ အဝေးကြည့်မျက်မှန်၊ဝိပဿနာသမ္မာဒိဋ္ဌိ အနီးကြည့်မျက်မှန်ဆိုတဲ့ အသိပညာလေးရလာတဲ့အခါမှာ စဥ်းစားကြည့်လို့ရတယ်။-မဆိုင်ဘူးနော်၊ခန္ဓာငါးပါးကို ငါ့ဟာငါ့ဟာနဲ့ဖမ်းချုပ်ထားတာတော့ မဆိုင်ဘူး။ငါ့ဟာဆိုရင် မအိုနဲ့ပြောရင်နားထောင်ရမှာပေါ့။မနာနဲ့ပြောရင်နားထောင်ရမှာပေါ့။ငါ့ဟာစစ်မှန်တယ်ဆိုရင် မသေနဲ့ပြောရင် လိုက်နာရမှာပေါ့။ငါ့ဟာ မှန်ရင် မပူနဲ့မငိုနဲ့ စသည်ဖြင့်ပြောရင် အကုန်လုံးလိုက်နာရမှာပေါ့။

အခုတော့ မဖြစ်ချင်ဘဲ ဖြစ်နေရ၊မအိုချင်ဘဲ အိုနေရ၊မနာချင်ဘဲနာနေရ၊မသေချင်ဘဲ သေနေရတယ်ဆိုရင် ငါ့ဟာမဟုတ်လို့ပဲ…ဆိုပြီးတော့ ဝိပဿနာသမ္မာဒိဋ္ဌိအသိဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့မှ ပွားများလိုက်တာ တရားခံအမှန်ကိုလည်း သိတယ်။တရားခံအမှန်ကို သိလာတဲ့အခါမှာ ဖမ်းချုပ်ထားတဲ့ ခန္ဓာငါးပါးကို လွှတ်ပေးလိုက်ရတယ်။   ခန္ဓာငါးပါးကို လွှတ်ပေးလိုက်တဲ့အခါ အစွဲတွေ သက်သာသွားတယ်။အစွဲကသက်သာသွားတော့ မီးကလည်း သက်သာသွားတယ်။အစွဲတွေကင်းသွားတဲ့အခါမှာ မီးကလည်း ငြိမ်းသွားတယ်။နိဗ္ဗာန်ကို တိုက်ရိုက်မျက်မှောက်မပြုသေးတောင်မှ ခန္ဓာဝန်ကြီးထမ်းသွားရတဲ့အခါမှာ ခန္ဓာငါးပါးအပေါ်မှာ (ငါ့ဟာငါ့ဟာ)နဲ့ အစွဲတွေသိပ်မများတော့ဘူး။ တိပိဋက ယောဆရာတော်၏ဘဝဇာတ်ခုံ ပုံစံစုံတရားတော်မှကူးယူပူဇော်ပါသည်။

ဆည်းဆူ ဆည်းဆူ(ပေါရာဏ)= ဆည်းပူးစုဆောင်းသည်။
သူလောင် သူလောင်(ပေါရာဏ)= သူခိုးသူပျက်။ဤသူလောင်ဟူသောပေါရာဏစကားသည် သူတစ်ပါးကို မီးကဲ့သို့ ပျက်စီးလောင်ကျွမ်းစေတတ်သော သူပျက်ကိုဆိုလိုသည်။လ၌ ဟထိုးမပါရ။ကြပ်ကြပ်တည်းနှောင်၊တပ်တွင်းလှောင်သည်၊သူလောင်ခိုးသား၊မင်းမျိုးများကို…ဟု ဘုံခန်းမှာ ခွဲထားစပ်သည်ကို သတိပြုသင့်သည်။သူလှောင်ဟု လတွင်ဟထိုးနှင့် ရှိပါမူကား ပြက်ချော်ပြောင်လှောင်တတ်သောသူဟူ၍ အဓိပ္ပါယ်ရလိမ့်မည်။မြန်/ပေါင်း၊၂၊၂၅၃။

သေငယ်ဇော၏နောက်ထပ် ကာလတစ်ခုဝယ်… ကြမ္မာစုတေ့ပြောင်းကွာရွေ့သော် ကျောက်ပေါ်မြေထဲမီးငရဲ၌ပူစွဲလူးလဲတစ်ယောက်ထဲလျှင်မိလဲမမြင်ဖခင်မသိသားမိမမြော်ဆွေသော်မပါသားကိုညှာ၍ယင်းသာသည့်နှယ်ဖြစ်ရဖွယ်ကိုသားမယ်မပါငါ့ချည်းသာလျှင်မီးမှာကျက်ရတော့မည်တည်း။ ။ အမရပူရ ပညာရှိတစ်ဦး၏ အတ္ထောဝါဒဆုံးမစာတံတွာတံတွာ(ပေါရာဏ)အလေ့သဘော၊တတွ ဟူသော သက္ကတဘာသာစကားမှ ဆင်းသက်လာသည်။ကသီကတွဲ့(ပေါရာဏ)မညီမညွတ်ကရွဲ့ကရည်(ပေါရာဏ)စောင်းရွဲ့သည်။

ဝိပဿနာဈာန် လက္ခဏာသုံးရပ်၊ရှုသိမှတ်၊ဝိပသ်ဈာန် ခေါ်သည်၊ မဟာစည်ဆရာတော်။

စာပြင်စာတည်း၏ မှတ်စုများ( ၅)

သန်လျင်

ရဲဘက်တော်မှန်
သေနတ်ဝန်ကို
လူသန်လူကောင်း
သူရဲပေါင်းနှင့်
ရေကြောင်းကြည်းဆို့
သန်လျင်မြို့ကို
နေသို့ပူလှန်း
ရေနှယ်ခန်းအောင်
ဖြန်းဖြန်းရံနေ
တက်နှင့်လေဟု…။

သတ်နှင့်ဧက်ရုဒ်
မယုတ်ရောက်ကာ
သက္ကရာဝယ်
မြိုင်သာကုန်းကျင်း
ပေါက်လဲကင်း၍
ငါးကြင်းဆန်လု
ဆောင်းရတုဝယ်
ဇမ္ဗူ့ဗိမာန်
ဖောင်ဝေယန်နှင့်
ဆော်ဖန်ဝေခြမ်း
အမှုထမ်းကို
စိတ်ချမ်းစိမ့်ရေး
ရဲဆုပေး၍
မနှေးတစ်သုန်
ချီပြန်စုန်က
ရန်ကုန်ရောက်လျှင်
မြို့သန်လျင်ဝယ်
မြစ်ပင်လယ်နား
သင်္ဘောများကို
ထွားထွားဖျက်ဆီး
ကြေပျက်စီးသည်
ဖြင်ညီးတည့်ဗိုလ်လှေး
ကြွယ်သေဋ္ဌေး….။
ပလိပ်ရွာစားမောင်ဖျော်၏ငစဉ့်ကူးမင်း ဧချင်း…မှ

အလောင်းဘုရားရန်ကုန်ကို လုပ်ကြံတိုက်ခိုက်စဥ်မြင်ကွင်းကို မနက်ဦးမှာ မြင်ယောင်၏။မနေ့ညက လပြည့်မိုးရေစက်များသည် ရှေ့တူရူ သွပ်မိုးနီနီပေါ်တွင် ပါးပါးကလေး စီးပြန့်နေကြသည်။ထိုအပေါ်ဝယ် လင်းလုလရောင်သည် ဖြာကျလျက်။
” ဦးဖျော်က အတော်နောက်ထာပဲ ။ဒီလောက်ရေပေါတဲ့ သန်လျင်ကို ဘယ့်နှယ်လုပ် ရေလို ခန်းအောင်လုပ်လို့ရပါ့မလဲ” ဟု တွေးမိသဖြင့် စာဖတ်ရင်း ပြုံးမိပါသေးသည်။ လိုင်းပေါ်မှာတော့ မီးသွေးခဲလေးတစ်ခဲ နို့ဆီခွက်ထဲ ဝင်ဆဲနေသံကြားရ၏။ ဘာကို အလိုမကျ အိုဘဲ့ သဝေ။ချမ်းမြေ့ကြပါစေ အောင်မှူးဝေ (၁.၁၁.၂၀၂၀)

ဥပါယ /ဥပါယ် ဟိတောပဒေသ၌ အောင်မြင်ရာ အောင်မြင်ကြောင်း ဥပါယ ဥပါယ်၊  နည်းလမ်း နည်းဗျူဟာ နည်းစနစ် လေးမျိုးပြထားသည်။

၁။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း
၂။ ဒဏ္ဍဥပါယ် = ဒဏ်ခတ်ခြင်းနည်းလမ်း
၃။ ဘေဒဥပါယ် = သွေးခွဲခြင်းနည်းလမ်း
၄။ သာမဥပါယ် = ပြေပြေပြစ်ပြစ်ပြောဆိုဆောင်ရွက်ခြင်းနည်းလမ်း ။ ဟိတောပဒေသ

ပညာနဲ့အသက်မွေး/အသက်ရှင်တာ အမြတ်ဆုံးပါပဲ။ မြတ်ဗုဒ္ဓ သံယုတ္တနိကာယ်

သာမန်အားဖြင့် ကဗျာကောင်းစာကောင်းကို မိမိဘာသာ အလိုအလျောက် အကဲခတ်တတ်၊ခံစားတတ်ကြသည်ကို တွေ့ရတတ်ပါသည်။သို့ရာတွင် ကျကျနနသိဖို့ရာ ကဗျာသင် ဆရာကောင်းတို့၏အဖေးအမ၊ အကူအညီကိုလိုပါသည်။ ကဗျာ့အရသာအဖွင့်ကျမ်းများ၏အကူအညီကိုလိုပါသည်။ သို့မှသာ ကဗျာ့အရသာကို ကျကျနနခံစားတတ်၍ အကဲခတ်ရာတွင်လည်း စနစ်တကျဖြစ်လာနိုင်ပါသည်။ တင်မိုး (ကဗျာရေးသူနှင့်ကဗျာမွေ့သူ၏ အတွေ့အကြုံ မြန်မာကဗျာစာတမ်းများမှ)

မုန်းထား(ပေါရာဏ)= ရန်ငြိုးထားသည်။
*လေမိုးဆီးတား၊အိမ်ကိုလွှားသော်၊မုန်းထားမျက်ကိုး၊အိမ်နတ်ငြိုး၏…။ စိန္တကျော်သူဦးဩ၏ဩဝါဒထူးပျို့

သီလသန့်ရှင်း
သူကောင်းချင်းကား
ရပ်တင်းထိုင်နေ
ဆိုခြေမိန့်မြွက်
ငြိမ်သက်ဖြောင့်ဝမ်း
အကမ်းအပေး
အရေးတွင်မှ
သိသာရ၏။ စိန္တကျော်သူဦးဩ- ဩဝါဒထူးပျို့

ကျယ်မြင်နှံ့သိ
ပညာရှိမူ
ကဝိပျူငှာ
ဆန်းဂါထာနှင့်
ကဗျာသံချို
ဖွဲ့ဆိုခြင်းလျှင်
တန်ဆာဆင်၏။
သန့်စင်ကြည်ဖြူ
ကိုယ်ကိုမူကား
ဆံမြူခြမ်းမျှ
ဒေါသမသင့်
အကျင့်သီတင်း
ကောင်းခြင်းသည်လျှင်
တန်ဆာဆင်၏…။ စိန္တကျော်သူဦးဩ၊ဩဝါဒထူးပျို့…

သုခဒုက္ခံ
လောကဓံကို
မခံနိုင်ဘိ
ဉာဏ်မရှိနှင့်
သတိသမ္ပဇည်း
မချုပ်တည်းက
နှိပ်လှည်းချရှုတ်
စည်းစိမ်ယုတ်သည်
နောက်ဆုတ်ရွေ့ရှား လနှယ်သွား။ စိန္တကျော်သူဦးဩ၊ဩဝါဒထူးပျို့

ပွဲကြီးအောင်ကြောင်း

လုံ့လလည်းရှိ
ဉာဏ်ကဝိနှင့်
သတ္တိရဲရောင်
ပွဲကြီးအောင်သည်
စွမ်းဆောင်လုံ့လအကျိုးတည်း။ လက်ဝဲသုန္ဒရ၏နန္ဒီသေနပျို့

ငြိမ်းစိမ့်

လူအပေါင်းအား
သွန်းလောင်းသီတာ
ငြိမ်းစိမ့်ရှာသို့
မေတ္တာပြန့်ပွားကြစေသတည်း။ လက်ဝဲသုန္ဒရ၏ သာဓိနပျို့

မဲပေးမှားရင်တော့
ဖဲသမားအိမ်အောက်
နွားနောက်ချည်မိသူလိုဖြစ်မှာပဲ။ ကလေးမြို့သား ရေနံဆီသည်ချင်းကြီး၏၁၉၉၀ စကား

ကုသိုလ်တရားလေး
နာမည်ခံပြီး အောက်တန်းကျတဲ့အလုပ်တွေ လုပ်နေကြတာ။ ဖြူးဆရာတော် ဝိပဿနာအားထုတ်ရခြင်းအကြောင်းမှ

ရှိုးရှား(ပေါရာဏ)အကုန်အစင်

အင်တာဗျူး
( နိုင်စွမ်းမေး၊အောင်မှူးဝေဖြေ)

နိုင်စွမ်း။ ။ကဗျာဆရာ.. စာရေးဆရာ တစ်ဦးအနေနဲ့..”အနုပညာနဲ့ နိုင်ငံရေး” ကိုဘယ်လို မြင်လဲ.. ဘယ်လို ခံယူထားလဲ။

အောင်မှူးဝေ။  ။နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးအရေးပဲ။ပါတီဝင်မလုပ်ချင်ဘူး။လူအများနဲ့အလုပ်လုပ်ရတာကို စိတ်မရှည်ဘူး။ ငါစာပြင်တာ ငါ့နိုင်ငံထဲက စာအုပ်တွေ သတ်ပုံမှန်ဖို့ပဲ။ ဒါလည်း နိုင်ငံရေးပဲလို့ယုံကြည်တယ်။ အနုပညာကတော့ နိုင်ငံ့အရေးအားလုံးကောင်းမွန်အောင် လုပ်ဆောင်တဲ့နေရာမှာ အသုံးပြုတဲ့လက်နက်လို့ ငါခံယူတယ်။ ငါ့ဦးနှောက်နဲ့နှလုံးသားက ကမ္ဘာကြီးထက်သေးငယ်ပါတယ်။ အရာရာကို လိုက်ပြီး မစဥ်းစား မခံစားနိုင်ဘူး။
ငါစဥ်းစား ခံစားမိသလောက် နိုင်ငံအပေါ်ကောင်းတယ် ထင်တဲ့ပါတီနဲ့လူပုဂ္ဂိုလ်တွေကို ထောက်ခံသွားမှာပဲ။ ဘယ်အချိန်အထိလဲ ဆိုရင် သေတဲ့အချိန်ထိဆိုပါတော့။

Red News Agency – ဆက်လက်ဖော်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *