မိသားစုလွှဲငွေကိစ္စ ဖိအားပေးမှုသည် ထိုင်းရောက် မြန်မာလုပ်သားများအား တရားမဝင်ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်နေဟု ထိုင်းအစိုးရ ပြော

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလစာမှ (၂၅) ရာခိုင်နှုန်းကို မိသားစုထံ မဖြစ်မနေလွှဲရန် စစ်အုပ်စု၏ ဖိအားပေးမှုသည် ထိုင်းရောက် မြန်မာလုပ်သားများအား အထောက်အထားမဲ့ဖြစ်အောင် တွန်းပို့နေသကဲ့သို့ဖြစ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကော်က သတိပေးပြောကြားထားသည်။

နိုဝင်ဘာ (၁၂) ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် မိသားစုလွှဲငွေကိစ္စနှင့်ပတ်သက်၍ အလေးအနက် သတိပေးပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေသည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ဆီဟာဆက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Photo: The Guardian, DW

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား တရားဝင် အလုပ်လုပ်ကိုင်နေကြသည်ကိုသာ ထိုင်းအစိုးရအနေဖြင့် အလိုရှိကြောင်း၊ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတော်သို့ ပေးဆောင်ရသည့် အခွန် (၂) ရာခိုင်နှုန်းအပြင် မိသားစုလွှဲငွေကိုပါ မဖြစ်မနေ ပေးပို့ရမည်ဆိုသည်မှာ ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများကြောင့် အလုပ်သမားများအတွက် နစ်နာမှုများရှိနေကြောင်း ဆီဟာဆက်က ပြောသည်။

မိသားစုလွှဲငွေ (၂၅) ရာခိုင်နှုန်း မပေးဆောင်ပါက စစ်အုပ်စု၏ ဥပဒေအရ အရေးယူမှုကို ခံရနိုင်ပြီး ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် (၃) နှစ် ပိတ်ပင်ခံရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကို သက်တမ်းမတိုးပေးခြင်းများဖြင့် ကြုံတွေ့နေရခြင်းသည် မြန်မာရွှေ့ပြောင်းလုပ်သားများအား အထောက်အထားမဲ့ဖြစ်အောင် တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်း ဆီဟာဆက်က သတိပေး ပြောကြားထားသည်။

ယင်းအခြေအနေအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိသားစုလွှဲငွေ (၂၅) ရာခိုင်နှုန်းသည် နိုင်ငံတော်ကို ပေးဆောင်ရသည်မဟုတ်ဘဲ ၎င်းတို့၏ မိသားစုကိုသာ လွှဲပေးရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောခဲ့ပြီး ငွေလဲလှယ်နှုန်း အခြေအနေနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဗဟိုဘဏ်တို့နှင့် ပြန်လည်သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

#REDNEWS #RNA #RedNewsAgency

By Editor