စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းနေဟု AA ပြော

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။

စစ်အုပ်စုနှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့အပါအဝင် မာန်အောင်မြို့ကိုပါ ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ (၁၃) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃) ရက်မှ စတင်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများ (၃) နှစ်တာကာလအတွင်း မြို့နယ်ပေါင်း (၁၄) မြို့နယ်ကို AA တပ်တော်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ကာ ကျန်မြို့နယ်များကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AA တပ်တော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ၌ ရခိုင်ပြည်နယ်၏ အဓိကမြို့တော် စစ်တွေမြို့အနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်နေပြီး နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများရှိရာ ကျောက်ဖြူ၌လည်း စစ်အုပ်စုနှင့် AA တပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားလျက် ရှိနေသည်။

AA တပ်တော်က ၎င်းတို့အနေဖြင့် မပြီးဆုံးသေးသော တိုက်ပွဲများနှင့် ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော မြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊ ကျန်ရှိနေသေးသည့် ဘိုးဘွားပိုင်နယ်မြေများသည်လည်း အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

(၃) နှစ်တာကာလ တိုက်ပွဲများအတွင်း ခက်ခဲကြမ်းတမ်းမှုများနှင့်အတူ ဘဝ၊ အသက်၊ သွေး၊ ချွေး၊ မျက်ရည်၊ စည်းစိမ်များအပါအဝင် မိမိတို့၏ သားသမီးများကိုပါ ပေးဆပ်ပြီး ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည့် မိဘပြည်သူတစ်ရပ်လုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အထူးအလေးအနက် ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း ပြောကြားထားသည်။

ထို့ပြင် အာရက္ခတပ်တော်၏ (၁၇) နှစ်တာ ဖြတ်သန်းမှုအတွင်း ရဲဘော်ရဲဖက်များ၏ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများသည် မည်သည့်အခါမျှ အလဟဿဖြစ်သွားမည်မဟုတ်ကြောင်း၊ သတ္တိရှိပြီး အမိန့်နာခံမှုကောင်း၊ တိုက်ပွဲဝင်ကောင်းသော အာရက္ခစစ်သည်တော်များကို မွေးထုတ်ပေးခဲ့သည့် အမိအဖတိုင်းကိုလည်း လေးနက်စွာ ကျေးဇူးတင်ဂုဏ်ပြုကြောင်း AA တပ်တော်က ပြောကြားထားသည်။

#REDNEWS #RNA #RedNewsAgency #AA

By Editor