ဖမ်းဝရမ်းထုတ်ခံထားရသည့် မြန်မာအလုပ်သမားခေါင်းဆောင် ရဲစခန်း သွားရောက်အဖမ်းခံ

Photo: Amarin TV

RNA_နိုဝင်ဘာ(၁၃)၊ ၂၀၂၆ခုနှစ်။

ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် မြန်မာအလုပ်သမားခေါင်းဆောင် ကိုဆူရတ် (ခ) ဝီရဆန်ထုန်သည် ကန်ချနာဘူရီရဲစခန်း၌ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) သွားရောက် အဖမ်းခံခဲ့ကြောင်း ထိုင်းသတင်းဌာန Amarin က ဖော်ပြထားသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် Bright Future အဖွဲ့မှ ခေါင်းဆောင်ကို မှတ်ပုံတင်စာရွက်စာတမ်း မမှန်မကန်ပြုလုပ်မှုဖြင့် ထိုင်းတရားရုံးက နိုဝင်ဘာ (၉) ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နေ့လည် (၁) နာရီဝန်းကျင်တွင် ကိုဆူရတ်က ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

ကိုဆူရတ်သည် စစ်အုပ်စု၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) လုပ်ငန်းစဉ်ကို ကန့်ကွက်ကြောင်း၊ ထိုင်းအစိုးရ ထုတ်ပေးသည့် ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင် (ပန်းရောင်ကတ်) ကိုသာ ထုတ်ပေးရန်နှင့် ထိုင်းအစိုးရထံသာ အခွန်ငွေများ ပေးဆောင်လိုကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့၌ ယခုလဆန်းပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

Photo: Amarin TV

Bright Future အဖွဲ့ ခေါင်းဆောင် ဆန္ဒထုတ်ဖော်နေချိန် ထိုင်းမျိုးချစ်အဖွဲ့မှ လာရောက်ဟန့်တား နှောင့်ယှက်ခဲ့ပြီးနောက်ပိုင်း ထိုင်းတရားရုံးက ၎င်း၏ ထိုင်းနိုင်ငံတွင်း နေထိုင်သည့် မှတ်ပုံတင်စာရွက်စာတမ်း အချက်အလက်များကို ပြန်လည်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းတရားရုံး၏ ထုတ်ပြန်ချက်အရ ကိုဆူရတ်သည် (၁၀)နှစ်ခံ မှတ်ပုံတင်ကတ်ပြုလုပ်ရာ၌ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်စာရွက်စာတမ်း အချက်အလက်အတုများကို ထည့်သွင်းခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် ၎င်း၏မွေးစာရင်းကို ပယ်ဖျက်ကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အိမ်ထောင်စာရင်းနှင့် မှတ်ပုံတင် မမှန်မကန်ပြုလုပ်ကြောင်း ထင်ရှားပါက ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်ခံရနိုင်ပြီး ပါဝင်ပတ်သက်သူများကိုလည်း အမှုဖွင့်အရေးယူမှုများရှိနေကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

#RedNewsAgency #RedNews #RNA

By Editor