အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် မြေရှားသတ္တုဖြင့် စစ်အုပ်စုက ဆွဲဆောင်စည်ရုံးနေ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။

အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်သင့်မြတ်မှုရရှိနိုင်ရန် ကြိုးပမ်းနေသည့် မြန်မာစစ်အုပ်စုသည် မြေရှားသတ္တုတူးဖော်ရေးအခန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အမေရိကန်အစိုးရကို စည်းရုံးမှုများ လုပ်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်းရှိ မြေရှားသတ္တုတူးဖော်ရေးကဏ္ဍများကို အိမ်နီးချင်း တရုတ်အစိုးရက လက်ဝါးကြီးအုပ်ထားချိန် စစ်အုပ်စုက အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်စတင်နိုင်ရန် မြေရှားသတ္တု ရင်းနှီးမြှုပ်နှံမှုဖြင့် ဆွဲဆောင်စည်းရုံးနေခြင်း ဖြစ်သည်။

အမေရိကန်နှင့် မြန်မာစစ်အုပ်စု တာဝန်ရှိသူများကြား သီးသန့်တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန်နှင့် မြန်မာ့မြေရှားသတ္တု ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိနိုင်ရန်အတွက် မြန်မာ့နှင့်ပတ်သက်သည့် မဟာဗျူဟာမြောက်မူဝါဒကို ယခုလ နိုဝင်ဘာလဆန်းပိုင်း၌ ထုတ်ပြန်ခဲ့သည်။

“အမေရိကန်အနေနဲ့ အရေးကြီးတဲ့ သတ္တုတူးဖော်ရေးကိစ္စကို ဦးစားပေးပြီး မြန်မာနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။ ဒါက သံတမန်ဆိုင်ရာ စိန်ခေါ်မှုသက်သက်မဟုတ်ပါဘူး” ဟု စစ်အုပ်စုအား အမေရိကန်နှင့်ဆက်ဆံရေး အဆင်ပြေစေရန် ကြားခံလုပ်ဆောင်ပေးနေသည့် လော်ဘီကုမ္ပဏီ DCI Group မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


Photo : Global Witness

မြေရှားသတ္တုများသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး မြန်မာနှင့် အမေရိကန်ကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးနှင့် ဆက်စပ်သည့် အခြေခံနယ်ပယ်တစ်ခုလည်း ဖြစ်လာမည် ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ အမေရိကန်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းသက်ဆိုင်ရာကဏ္ဍများကို မြှင့်တင်ပေးရန်နှင့် နိုင်ငံ၏အခြေအနေ တည်ငြိမ်အေးချမ်းသည့် ရှိလာအောင် လုပ်ဆောင်ရန်လည်း တိုက်တွန်းထားကြောင်း ပြောသည်။

အမေရိကန်အစိုးရကို မြေရှားသတ္တုဖြင့် စစ်အုပ်စုက ဆွဲဆောင်စည်းရုံးနေသော်လည်း တရုတ်နိုင်ငံသည် မြေရှားသတ္တု တူးဖော်မှုအပါအဝင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်မှုများရှိနေဆဲဖြစ်ပြီး အမေရိကန်အနေဖြင့် ယင်းနေရာကို အစားထိုး ဝင်ရောက်ရန် လွယ်ကူမည်မဟုတ်ကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor