မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားရန်အတွက် အတည်ပြုချက်ပေးရန် SAC-M နှင့် APHR တို့ တောင်းဆို

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မဖိတ်ကြားရန်အတွက် အတည်ပြုချက်ထုတ်ပြန်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့က ယနေ့ (နိုဝင်ဘာ ၉ ရက်) ထုတ်ပြန်ထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ကျင်းပရန်ရှိနေပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းတာဝန်ရှိသူများအား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန်အတွက် အတည်ပြုချက် ချက်ချင်းထုတ်ပြန်ရန် SAC-M နှင့် APHR တို့က တောင်းဆိုထားခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်အချို့ စစ်အုပ်စုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများရှိလာပြီး စစ်အုပ်စုထိပ်ပိုင်းတာဝန်ရှိသူများ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်နိုင်ရန် ထိုင်းနိုင်ငံမှ ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးနေချိန် SAC-M နှင့် APHR တို့က ယခုကဲ့သို့ တောင်းဆိုလာခြင်း ဖြစ်သည်။

စစ်အုပ်စုထိပ်ပိုင်းတာဝန်ရှိသူများအား အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားမှုသည် မြန်မာ့စစ်ရေးပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး စစ်အုပ်စုဘက်မှ အကောင်အထည်ဖော်ရန် ဆန္ဒမရှိသည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ပျက်စီးစေနိုင်ကြောင်း SAC-M နှင့် APHR တို့က ထောက်ပြထားသည်။

စစ်အုပ်စု ထိပ်တန်းတာဝန်ရှိသူအချို့အား အာဆီယံအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုခဲ့ပါက မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများ၌ အာဆီယံသည် ပူးပေါင်းပါဝင်ရာ ဖြစ်စေနိုင်ကြောင်း၊ လက်ရှိအချိန်ထိ မြန်မာပြည်သူများအပေါ် စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်ကြောင်း SAC-M နှင့် APHR တို့က ပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအထူးသံတမန် မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် အောက်တိုဘာလအတွင်း၌ပင် စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေး (၁၂) ဦးအပါအဝင် အရပ်သားပြည်သူ (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ တစ်လတည်း၌ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၂ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၀၀ ဦး သေဆုံးခဲ့ရသည်။

ဖိလစ်ပိုင်နှင့် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် စင်ကာပူတို့အနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အား နောက်ဆုံးရက်သတ်မှတ်ပြီး ခိုင်မာသည့် စံနှုန်းများ ချမှတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတားမရှိ အပြည့်အဝပေးပို့နိုင်ရေးတို့ကို လုပ်ဆောင်ခွင့်ပြုရန် တောင်းဆိုထားကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor