ဘန်ကောက်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ မြန်မာနှင့် ဗီယက်နမ် (၁၄) ဦးကို ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကလုန်ဆမ်ဝရပ်ကွက်ရှိ ဆေးခြောက်ဂိုဒေါင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းချိန် မြန်မာနှင့် ဗီယက်နမ်နိုင်ငံသား (၁၄) ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ONCB) နှင့် နီမစ်မိုင်ရဲစခန်းမှ တာဝန်ရှိသူများက ကလုန်ဆန်ဝရပ်ကွက်ရှိ နေအိမ်တစ်ခု၌ ဆေးခြောက်များ သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် ယနေ့ (အောက်တိုဘာ ၃၁ ရက်) နေ့လည်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ြခင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြားသား (၁၄) ဦးထဲတွင် ဗီယက်နမ်နိုင်ငံသား (၂) ဦးသည် ဗီယက်နမ်အာဏာပိုင်များက မူးယစ်ဆေးဝါးအမှုနှင့် ဆက်နွယ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း၊ ဆေးခြောက်များအပြင် ICE နှင့် စိတ်ကြွဆေးပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Photo: Chiangmai Post

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဗီယက်နမ်နိုင်ငံသား (၂) ဦးကို သီးခြားအရေးယူမှုများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အခြား မြန်မာနှင့် ဗီယက်နမ်နိုင်ငံသား (၁၂) ဦးတို့ကိုလည်း ထိုင်းနိုင်ငံတွင်း ဗီဇာသက်တမ်းကျော် နေထိုင်မှု၊ ခွင့်ပြုချက်မဲ့ အလုပ်လုပ်ကိုင်မှုနှင့် အထောက်အထားမဲ့ နေထိုင်မှုတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားများ ဆေးခြောက်သိုလှောင်ရောင်းချမှုနှင့်ပတ်သက်၍ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများကို ဆက်လက်စုံစမ်းသွားမည်ဟု အာဏာပိုင်များက ပြောကြားထားပြီး ယခုစီးပွားရေးလုပ်ငန်း၌ ထိုင်းနိုင်ငံသားများ အမည်ခံပါဝင်မှုရှိ မရှိကိုလည်း စုံစမ်းသွားမည်ဟု သိရသည်။

By RNA Editor