အမျိုးသမီးငယ် နှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး PNA/ PNO အနေဖြင့် တာဝန်ယူရန် တောင်းဆို

RNA_နိုဝင်ဘာ(၁)၊၂၀၂၆ခုနှစ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစုံကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအနီး လူသွားလမ်းဘေးတစ်နေရာ၌ အသက် (၁၅) နှစ် နှင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးငယ်များ မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး PNA/ PNO က တာဝန်ယူ၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြိး ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့တို့က ထုတ်ပြန်တောင်းဆိုးထားသည်။

တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု၊ ကောင်းမှုစုံကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကွင်းအနီး လူသွားလမ်းဘေးတစ်နေရာ၌ အောက်တိုဘာ (၂၆) ရက်နေ့က နားဖူးနှင့် ပါးစပ်ထဲတွင် သေနတ်ဒဏ်ရာများဖြင့် နန်းအောင်ပေါ (အသက် ၁၉ နှစ်) နှင့် နန်းဟွမ်ခွန်း (အသက် ၁၅ နှစ်) တို့ သေဆုံးနေသည့် ရုပ်အလောင်းများကို ဒေသခံများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒေသခံ၏ ပြောကြားချက်အရ ရုပ်အလောင်းများကို တွေ့ရှိချိန်တွင် နန်းအောင်ပေါသည် အဝတ်အစားမပါဘဲ မုဒိမ်းမှုပြုကျင့် ခံထားရသည့် အနေအထားနှင့် ပါးစပ်အတွင်းသို့ သေနတ်ပြောင်းထည့်ကာ ပစ်သတ်ခံထားရသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးငယ် ၂ ဦး မုဒိမ်းကျင့် သတ်ခံထားရသည့်ပြစ်မှုကို ကျူးလွန်သူမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ၏ ပြည်သူ့စစ်အဖွဲ့ဝင် ခွန်ကျော်သူရမင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ထုတ်ပြန်ပြောကြားချက်အရ သိရှိရပြီး၊ ဖြစ်စဉ်ကို သိရှိသူများ၏ ပြောကြားချက်အရ ခွန်ကျော်သူရမင်းအား PNO ဗျူဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးကျော်ခေါင် အဖွဲ့ဦးဆောင်ပြီး လိုက်လံရှာဖွေခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့ ည ၇ နာရီခွဲခန့်တွင်တွေ့ရှိခဲ့ကာ တွေ့ရှိသည့် နေရာတွင်ပင် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ : Pa-O National Army အဖွဲ့ဝင်များ- ပုံဟောင်း

ကျူးလွန်ခံရသူ အမျိုးသမီးများအတွက် အမှန်ဖော်ထုတ်ရေးနှင့် တရားမျှတမှုရရှိရေး တို့ကို တာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သော PNO/PNA က အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်၊ ကြီးကြပ်သူ၊ ကွပ်ကဲသူနှင့် ပြစ်မှုကျူးလွန်ခွင့်ပေးခဲ့သူအပါအဝင် တာဝန်ရှိသူ အားလုံးကိုလည်း ထိရောက်ပြီး ပွင့်လင်းမြင်သာသည့် နည်းလမ်းဖြင့် အရေးယူဆောင်ရွက်ပေးရန်၊ ကျန်ရစ်သူ မိသားစု၏ ဆန္ဒနှင့် လိုအပ်ချက်များကို ဗဟိုပြု၍ ဆောင်ရွက်ရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို အပြည့်အဝ အာမခံပေးရန်၊ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ စုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူရန် စသည်တို့ကို တောင်းဆိုထားသည်။

ပစ်သတ်ခံရသည့် ခွန်ကျော်သူရမင်းသည် ကျူးလွန် သူဟုတ်မဟုတ်နှင့် အခင်းဖြစ်ပွားရာတွင် မည်သူများပါဝင်နေသည်ကို မိမိတို့အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပအိုဝ်းအမျိုးသား တပ်မတော် (PNA) တို့သည် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်း၊ မီဒီယာများနှင့် အင်တာဗျူးဖြေကြားခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းအချက်အလက်များ မျှဝေခြင်း၊ ဖြန့်ဝေခြင်းတို့ ကို မပြုလုပ်ရန် တင်းကျပ်စွာ ခြိမ်းခြောက်တားမြစ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ PNA သည် ပအိုဝ်းလူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းဖြင့် တပ်အင်အားတိုးချဲ့လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်၏ အမှုစစ်မှုထမ်းဥပဒေကို အသုံးပြု၍ ပအိုဝ်းလူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာလုံခြုံရေးဟူသော အကြောင်းပြချက်များဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို လက်နက်တပ်ဆင်ပေးခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။

Red News Agency

By Editor