စစ်အုပ်စု ပစ်ခတ်မှုကြောင့် ကုလားတန်မြစ်အတွင်း၌ ငါးဖမ်းသမား (၄) ဦး သေဆုံး

RNA_အောက်တိုဘာ(၂၈)၊၂၀၂၆ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် စစ်တွေမြို့နယ် ကုလားတန်းမြစ်ဝ၌ စစ်အုပ်စု လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသား (၄) ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) နှင့် နီးစပ်သည့် Arakan Princess Media က ယနေ့ (အောက်တိုဘာ ၂၈ ရက်) ဖော်ပြထားသည်။

အောက်တိုဘာ (၂၄) ရက်က ညနေပိုင်းက ဝီရဌာနီ (ပေါက်တော) မြို့ စစ်ရှောင်စခန်းမှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်လာသည့် ဒေသခံ ငါးဖမ်းသမား (၄) ဦးကို စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ စစ်အုပ်စုတပ်ဖွဲ့က Speed Boat ယာဉ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမား (၄) ဦးဖြစ်သည့် ဘော်ဒီယာ (၄၈ နှစ်)၊ မာမောက်ဆော်လိမ် (၃၀ နှစ်)၊ မာမောက်အီနူစ် (၄၀ နှစ်) နှင့် ဟာလာယာ (၁၆ နှစ်) တို့ နေရာတွင် သေဆုံးခဲ့ကြောင်း၊ ငါးဖမ်းစက်လှေကို စစ်အုပ်စုက လုယက်ယူဆောင်သွားကြောင်း သိရသည်။

စစ်တွေမြို့အနီးဝန်းကျင်၌ စစ်ရေးတင်းမာနေချိန် စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်များ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခင်က ငါးဖမ်းစက်လှေသမားများထံမှ အဓမ္မငွေကြေးတောင်းခံမှုများရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - နိရဉ္စရာ

လက်ရှိ၌ စစ်တွေမြို့အနီး ငပြိကျွန်း၌ စစ်အုပ်စုနှင့် AA တပ်တော်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး ကမ်းတက်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိနေကြောင်း၊ AA တပ်တော်၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်အုပ်စုစစ်သင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၂၆) ရက်ကလည်း စစ်အုပ်စု၏ တိုက်ခိုက်ရေးယာဉ် ဖရီးဂိတ် (၁) စီးနှင့် ကမ်းထိုးရေယာဉ် (၂) စီးတို့ AA တပ်တော်က ရေကြောင်းစစ်ဆင်ရေးအတွင်း တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor