RNA_အောက်တိုဘာ(၂၈)၊၂၀၂၆ခုနှစ်။
ကုလသမဂ္ဂ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) က အတည်ပြုခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရုံးအဖွဲ့က ထုတ်ပြန်ထားသည်။
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဦးဆောင်ပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ (၁၁၈) မဲ၊ ကန့်ကွက်မဲ (၄၃) မဲ၊ ကြားနေမဲ (၂၁) မဲ တို့ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်းကို မြန်မာ နိုင်ငံမှ ဦးဆောင်၍ နှစ်စဉ်တင်သွင်းခဲ့ကြောင်း၊ နှစ်စဉ် အစဉ်အလာမပျက် အဖွဲ့ဝင်နိုင်ငံများ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကိုလည်း အစဉ်တစိုက်ရရှိခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်းတွင် နျူကလီးယားလက်နက်များအားလုံး အပြီးတိုင်ဖျက်သိမ်းရေးအတွက် အရေးတကြီး လိုအပ်နေမှုကို ထပ်လောင်းအတည်ပြုထားပြီး ယင်းရည်မှန်းချက် အောင်မြင်စေရေးအတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများအနေဖြင့် ထိရောက်သော အစီအမံများ ချမှတ်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောကြားထားသည်။
နျူကလီးယားလက်နက်ဖျက်သိမ်းရေး အဆိုမူကြမ်းနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် အတည်ပြုဆွေးနွေးမှုများရှိနေချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုအဖွဲ့က ရုရှား၏ ကူညီထောက်ပံ့မှုနှင့်အတူ မြန်မာနိုင်ငံ၌ နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံ၌ လျှပ်စစ်ထုတ်လုပ်ရေးအတွက် ရည်ရွယ်သည်ဟုဆိုကာ စစ်အုပ်စုက ရုရှားအစိုးရပိုင် နျူကလီယားကော်ပိုရေးရှင်း (Rosatom) နှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းများ စတင်မည်ဟုလည်း သိရသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နျူကလီးယားနှင့်ပတ်သက်သည့် စီမံကိန်းများကို စစ်အုပ်စုက တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အနာဂတ်၌ နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် အချိန်မီတားဆီးရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးကလည်း သုံးသပ်ပြောကြားထားသည်။