နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စု ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရ မေးခွန်းထုတ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။

မလေးရှားထိန်းသိမ်းရေးစခန်းများမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာများထဲမှ ရာနှင့်ချီကို စစ်အုပ်စုက ဆက်လက်ဖမ်းဆီးထားမှုအပေါ် မလေးရှားအစိုးရက ဖြေရှင်းချက်တောင်းခံသွားမည်ဟု The Star သတင်းဌာနက ဖော်ပြထားသည်။

စစ်အုပ်စုက နေရပ်ပြန်မပို့ဘဲ ရန်ကုန်ရှိ စစ်ကြောရေးစခန်းများ၌ ဖမ်းဆီးထားသည့် ရခိုင်လူမျိုး (၃၀၀) ဝန်းကျင်ရှိသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီမိုဟာမက်ဟာဆန်က ယင်းအခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။

“ဒီအခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သံရုံးတာဝန်ခံကို ညွှန်ကြားထားပါတယ်။ မြန်မာ (စစ်အုပ်စု) တာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ အာမခံချက် ကတိကဝတ်ကို လေးစားလိုက်နာဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်”ဟု အောက်တိုဘာ (၂၆) ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မလေးရှားမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုဘက်မှ အာမခံသဘောတူညီချက်ပေးခဲ့ခြင်းကြောင့် ထိန်းသိမ်းရေးစင်တာများမှ မြန်မာနိုင်ငံသား (၁၄၇၆) ဦးကို မလေးရှားအစိုးရက စစ်အုပ်စုထံ လွှဲပြောင်းပေးခဲံ့ခြင်းဖြစ်သည်။

မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများကို စစ်အုပ်စုထံ ပြန်ပို့ခဲ့သည့် မလေးရှားအစိုးရ၏ အစီအစဉ်ကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) တို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများ ကန့်ကွက်ခဲ့ပြီး ပြန်ပို့ခံရသူများ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ထုတ်ဖော်ပြောကြားထားသည်။

လက်ရှီ စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် ရခိုင်နှင့် ရိုဟင်ဂျာများပါဝင်နေပြီး ယင်းအခြေအနေကို အသေးစိတ်သိရှိနိုင်ရန် မြန်မာတာဝန်ရှိသူများထံ ဖြေရှင်းချက်တောင်းခံထားကြောင်းလည်း ဟာဆန်က ပြောသည်။

ထို့ပြင် မြန်မာကို အာဆီယံအစည်းအဝေးများမှ ဖယ်ကျဉ်ထားရုံဖြင့် မြန်မာ့ပဋိပက္ခကို ဖြေရှင်း၍မရနိုင်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အခြားကိစ္စရပ်များကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

By RNA Editor