RNA_အောက်တိုဘာ(၁၉)၊၂၀၂၆ခုနှစ်
မန္တလေးတိုင်း မိုးကုတ်မြို့၌ လုံခြုံရေးတာဝန်ယူခဲ့သည့် လီဆူလက်နက်ကိုင်တပ်ဖွဲ့ဝင်များ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်မှုသည် တပ်ဖွ့ဝင်တိုင်း လိုက်နာရမည့် ကတိသစ္စာကို ဖောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်လာသည်။
ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်သည် လက်နက်ခဲယမ်း (၅၀) ဝန်းကျင်နှင့်အတူ အောက်တိုဘာ (၁၃) ရက်က မြန်မာစစ်ကောင်စီ (စစ်အုပ်စု) ထံ ဘက်ပြောင်းဝင်ရောက်သွားခြင်းကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့အစည်းနှင့် ကင်းကွာသွားပြီးဖြစ်ကြောင်း အသိပေးထားသည်။
စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရာက်သွားသည့် လီဆူတပ်ဖွဲ့၏ လှုပ်ရှားမှုများကို PSLF/TNLA က အမြဲမပြတ် စောင့်ကြည့်သွားမည်ဟု ပြောကြားထားပြီး ပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်ပါက အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို TNLA ပူးပေါင်းတပ်များက သိမ်းယူချိန် တိုက်ပွဲကာလအတွင်း ဦးဂူဆီ ဦးဆောင်သည့် လီဆူတပ်ဖွဲ့က မိုးကုတ်မြို့ လုံခြုံရေးအတွက် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် တရုတ်၏ ကြားဝင်ညှိနှိုင့်စေ့စပ်မှုများကြောင့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို PSLF/TNLA က စစ်အုပ်စုထံ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း လီဆူတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏ ဇာတိမြို့များသို့ ပြန်သွားခဲ့ပြီး တစ်နှစ်နီးပါးအကြာ၌ စစ်အုပ်စုထံ ဘက်ပြောင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။