RNA_အောက်တိုဘာ(၁၇)၊၂၀၂၆ခုနှစ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီး၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA) က အောက်တိုဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်အုပ်စု အမှတ် (၃၁၈) အမြောက်တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့များသည် အဘစ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာကို ဆက်သွယ်ထားသည့် ကားလမ်းမတစ်လျှောက် စစ်ကြောင်းထိုးလာချိန် ပုလိန်မြို့နယ်အနီး၌ ထိတွေ့တိုက်ပွဲ (၃) ရက်ဆက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မွန်နှင့် ကရင်ပြည်နယ်အစပ် ပုလိန်ကျေးရွာအနီး၌ အောက်တိုဘာ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ စစ်အုပ်စုဘက်မှ (၃၀) ထက်မနည်း ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ရာမညမွန်တပ်တော် (RMA) ၏ ထုတ်ပြန်ချက်ဖော်ပြထားပြီး MA-1 လက်နက်ငယ် (၃) လက်နှင့် ခဲယမ်းကျည်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေး၌ ရာမညွန်မွန်တပ်တော်နှင့်အတူ မုဒုံမြို့နယ်ဒေသတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)၊ တပ်ရင်း (၁၆)မှ မွန်-ကရင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။