အိန္ဒိယကျားဖြန့်များက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုလုပ်ဆောင်လာ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။

အိန္ဒိယနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှုကွန်ရက် (ကျားဖြန့်) ကြောင့် အမေရိကန်နိုင်ငံသားများ ဒေါ်လာသန်း (၅၀) ကျော် ဆုံးရှုံးခဲ့ရပြီးနောက် ဒေသ (၂) ခုရှိ ကျားဖြန့်စင်တာများကို ဝင်ရောက်စီးနင်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ဖော်ပြချက်ကို ကိုးကားပြီး The Diplomat သတင်းဌာနက အောက်တိုဘာ (၆) ရက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်က အိန္ဒိယ၏ ဒုတိယအကြီးဆုံးမြို့ ပွန်နေ (Pune) နှင့် ပတိအာလာ (Patiala) ရှိ Call Center (၃) နေရာကို အိန္ဒိယရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်နေသူ (၂၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယရဲတပ်ဖွဲ့က သံသယရှိသည့် ချန်ဒီဂါ (Chandigarh) ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းရှာဖွချိန် လက်ကိုင်ဖုန်း (၆၆) လုံး၊ ကွန်ပျူတာ လက်ပ်တော့ (၁၃) လုံးနှင့် အခြားမှတ်တမ်းစာအုပ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အိန္ဒိယအခြေစိုက် ကျားဖြန့်ရာဇဝတ်ဂိုဏ်းများ ပိုမိုအရှိန်မြှင့် ကြီးထွားလာမှုသည် အရှေ့တောင်အာရှဒေသတွင်းရှိ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနယ်စပ်တို့မှ ကျားဖြန့်ဂိုဏ်းများကို အမေရိကန်၊ တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများက အရှိန်မြှင့်နှိမ်နင်းမှုဖြစ်စဉ်နောက်ပိုင်း ကျားဖြန့် လုပ်ကိုင်မှုများသည် အိန္ဒိယနိုင်ငံ၌ ပိုမိုအခြေစိုက် လှုပ်ရှားမှုများ ရှိလာခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသားများအား ပစ်မှတ်ထားလိမ်လည်သည့် ကျားဖြန့်ကွန်ရက်များသည် အိန္ဒိယ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ရှိနှင့်နေခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက ကျားဖြန့် ထိပ်ပိုင်း ခေါင်းဆောင်များဟု သံသယရှိသူ (၆) ဦးကို အိန္ဒိယတာဝန်ရှိသူများက ဖမ်းဆီးနိုင်ခဲ့သည်။

အမေရိကန်နိုင်ငံသားများအား ပစ်မှတ်ထားခဲ့သော ကျားဖြန့်ကွန်ရက်များ၏ လိမ်လည်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ၏ ငွေကြေးဆုံးရှုံးမှု ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှဒေသတွင်း တရုတ်လူမျိုးများ ဦးဆောင်သည့် ကျားဖြန့်ကွန်ရက်များ ဖြိုခွင်းရပြီးနောက်ပိုင်း အိန္ဒိယရာဇဝတ်ဂိုဏ်းများက အစားထိုးဝင်ရောက်လာမှုများရှိကြောင်း၊ အင်္ဂလိပ်စကားပြော ပိုမိုကျွမ်းကျင်သည့် အိန္ဒိယနိုင်ငံသားများကို ပိုမိုခေါ်ယူမှုများရှိခဲ့ကြောင်းလည်း မဏိပူရ်အခြေစိုက် The Frontier Manipur က ဖော်ပြထားသည်။

By RNA Editor