စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။

စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း ခရိုင်နီလုပ်ငန်းရှင် (၄) ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည်။

၎င်းတို့ထဲတွင် စစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာလက်နက်များ ဝယ်ယူထောက်ပံ့ပေးနေသည့် KT Group ၏ CEO ဂျိုနသန် မျိုးကျော်သောင်း၊ စစ်အုပ်စုလေတပ်အတွက် လေယာဉ်အပိုပစ္စည်းများနှင့် နည်းပညာများ တင်သွင်းပေးနေသည့် စစ်တိုင်းအောင်၊ အောင်လှိုင်ဦးနှင့် ရွှေဗျိုင်းဖြူကုမ္၌ဏီအုပ်စု၏ ခရိုနီးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းတို့လည်း ပါဝင်ခဲ့သည်။

မြန်မာစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် ခရိုနီလုပ်ငန်းရှင်များနှင့် ၎င်းတို့၏လုပ်ငန်းများကို အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားနိုင်ရန် အမေရိကန်ဥပဒေအတိုင်ပင်ခံလုပ်ငန်း Ferrari & Associates ကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ခံရမှုများမှ လွတ်မြောက်လာမှုသည် ယင်းဥပဒေအတိုင်ပင်ခံလုပ်ငန်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်၌ မြန်မာ့အရေးနှင့်ပတ်သက်၍ မူဝါဒများ ပြောင်းလဲလာပြီးနောက် ဒဏ်ခတ်ပိတ်ဆို့အရေးယူများကို လျှော့ချခဲ့ခြင်းနှင့် စစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို လုပ်ဆောင်လာမှုများ ရှိနေသည်။

ယခုနှစ် ဇွန်လအတွင်းက မြန်မာ-အမေရိကန် ကုန်သည်အသင်း၏ ဥက္ကဋ္ဌဟောင်း ကက်စတီလိုကို စစ်အုပ်စုက မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ကက်စတီလို ပြန်လည်လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူများက စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများကို ယူကေနှင့် ဥရောပအဖွဲံ့ဝင်နိုင်ငံများက ပိတ်ဆို့အရေးယူမှုအသစ်များ ဆက်လက်လုပ်ဆောင်နေပြီး စစ်အုပ်စု၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအား ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိအားပေးမှုများ ရှိနေဆဲ ဖြစ်သည်။

By RNA Editor