အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။

မလေးရှားနိုင်ငံကို (၂) ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့သည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံတို့ကလည်း ဖိတ်ခေါ်ဖို့ရှိနေကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက အောက်တိုဘာ (၈) ရက်၌ ဒေသတွင်းသတင်းဌာနများကို ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း (၅) နိုင်ငံမြောက် ခရီးစဉ်အဖြစ် မလေးရှားကို အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ အေးစက်ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

စစ်အုပ်စုက ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းသတင်းအချက်အလက်များသည် မလေးရှားခရီးစဉ်မှတဆင့် တခြားဒေသတွင်းနိုင်ငံများသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည် ၎င်းတို့အား မဖိတ်ကြားသေးသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်း ဟု စစ်အုပ်စု ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

“ကျွန်မတို့က အခုလို ဆက်ဆံတယ်။ …. အာဆီယံနိုင်ငံတွေကို သွားခဲ့တယ်။ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့တယ်။ အဲဒီတော့ တခြား အင်ဒိုနီးရှားနိုင်ငံနဲ့ ဘရူနိုင်ငံ နိုင်ငံတွေကလည်း ဖိတ်ဖို့ရှိပါတယ်ဆိုတဲ့ Information လေးကို Share လိုက်ပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ဆိုသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က (၆) လတာကာလတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့သို့ အလည်အပတ်ခရီးစဉ်များ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကျန်အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့က ၎င်းအား ဖိတ်ကြားရန် ရှီ မရှိ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား နေရပ်ပြန်ပို့ရေးကိစ္စရပ်များအပြင် နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီး အန်ဝါအီဘရာဟင်က ထုတ်ပြန်ပြောကြားထားသည်။

ထို့ပြင် မြန်မာပြည်သူများ၏ အသက်အန္တရာယ် လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကောင်အထည်ဖော်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်သွားရန်ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – PPIB

By RNA Editor