မလေးရှားဝန်ကြီးချုပ် ကျောထောက်နောက်ခံပြု FJ Global အပါအဝင် မလေးရှားကုမ္ပဏီများက မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေ

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။

မလေးရှားဝန်ကြီးချုပ်ရုံး ကျောထောက်နောက်ခံပြု FJ Global ကုမ္ပဏီအပါအဝင် မလေးရှားကုမ္ပဏီ (၃) က မြန်မာစစ်အုပ်စု တိုက်ခိုက်ရေးလေယာဉ်များအတွက် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများကို လုပ်ဆောင်ပေးနေကြောင်း Justice For Myanmar ၏ ယနေ့ (အောက်တိုဘာ ၇ ရက်) ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

မလေးရှားဝန်ကြီးချုပ်ရုံးလက်အောက်ရှိ အစိုးရကျောထောက်နောက်ခံပြု Perbadanan Usahawan Nasion Berhad (PUNB) က ဘဏ္ဍာရေးထောက်ပံ့ပေးနေသည့် FJ Global သည် မြန်မာစစ်အုပ်စုအတွက် K-8W တိုက်ခိုက်ရေးလေယာဉ်များ၊ Orlan-10E ဒရုန်းများ၊ Kamov Ka-28၊ Mi-17 နှင့် Mi-2 ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများနှင့် လက်နက်အစိတ်အပိုင်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

FJ Global ကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေသည့် PUNB သည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်နေသည့် Yayasan Pelaburan Bumiputra က ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်ထားသည်။

ထို့ပြင် မလေးရှားကျေးလက်နှင့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးတိုးတက်ရေးဝန်ကြီးဌာန၏ အေဂျင်စီတစ်ခုဖြစ်သည့် Majlis Amanah Rakyat (MARA) လက်အောက်ခံ MARA Corporation Sdn Bhd မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော Asia AeroTechnic Sdn Bhd (AAT) ကလည်း မြန်မာစစ်အုပ်စုပိုင် Airbus A319 လေယာဉ်များ ပြင်ဆင်ရေးနှင့်ပတ်သက်၍ စစ်အုပ်စု အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း JFM က ဖော်ပြထားသည်။

အခြားကုမ္ပဏီတစ်ခုဖြစ်သည့် ဒိန်းမတ်ပိုင် မလေးရှားအခြေစိုက် Skyways Technics Asia Sdn Bhd ကုမ္ပဏီကလည်း မြန်မာစစ်အုပ်စု လေတပ်သို့ လေယာဉ်အစိတ်အပိုင်းအပိုပစ္စည်းများကို ကြားခံလက်နက်ပွဲစားများမှတဆင့် ပေးပို့မှုများရှိခဲ့ကြောင်း JFM ထံ ပေါက်ကြားလာသည့် အချက်အလက်များအရ သိရသည်။

မြန်မာစစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် လက်နက်ပွဲစားကုမ္ပဏီများသည် Light Head Group of Companies ၊ KLS Aviation ၊ United Five နှင့် Lucky High တို့ဖြစ်ကြပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် မင်္ဂလာလေကြောင်းလိုင်း (ယခင် Air KBZ) တို့ကတဆင့် လေယာဉ်အပိုပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာလက်နက်ခဲယမ်းများကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများနှင့် နေရပ်စွန့်ခွာလာသည့် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးအတွက် ဆွေးနွေးရန် မလေးရှားဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း၌ ကွာလာလမ်ပူသို့ (၂) ရက်ကြာ ခရီးစဉ် ရောက်ရှိနေချိန် ယခုကဲ့သို့ မလေးရှားအစိုးရနှင့် စစ်အုပ်စုကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာပြည်သူများအပေါ် လေကြောင်းမှ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့ ဝန်ဆောင်မှုများပေးနေသည့် မလေးရှားကုမ္ပဏီများ၏ လုပ်ဆောင်မှုများအပေါ် မလေးရှားအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရန်လိုအပ်ကြောင်း JFM က ထောက်ပြထားသည်။

မလေးရှားအစိုးရသည် လာမည့် နိုဝင်ဘာလ (၂) ရက်မှ (၆) ရက်နေ့အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် (၄၉) ကြိမ်မြောက် အာဆီယံထောက်လှမ်းရေးအသိုက်အဝန်းညီလာခံ (AICC) သို့ စစ်အုပ်စု စစ်ဆေးရေးအရာရှိချုပ်ရုံးမှ ရဲမှူးချုပ် လှိုင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ရန် ဖိတ်ကြားထားမှုများရှိနေကြောင်း JFM ၏ သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြထားသည်။

By RNA Editor