စစ်အုပ်စုပိုင် မြန်မာဘီယာနှင့် ဒဂုံဘီယာတို့အား ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံက ပြန်ရုပ်သိမ်း

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။

မြန်မာစစ်အုပ်စုပိုင် ဘီယာ၊ အဖျော်ယမကာနှင့် အချိုရည် အမှတ်တံဆိပ်များကို ပေးအပ်ထားသည့် ဆုတံဆိပ်များကို ဘယ်လ်ဂျီယံကုမ္ပဏီ Monde Selection က ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း Justice For Myanmar (JFM) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ထားသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ် Quai d’Orsay ၌ ကျင်းပခဲ့သော လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေးကို ဆန်းစစ်အကဲဖြတ်သည့် Monde Selection ၏ ၂၀၂၆ ခုနှစ် ဆုပေးပွဲအခမ်းအနားတွင် ဒဂုံအဖျော်ယမကာကုမ္ပဏိကို ဆုတံဆိပ်များ ပေးအပ်ချိန် Info Birmanie နှင့် Justice For Myanmar တို့က ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် အဆိုပါဆုများကို ပြန်လည်ရုပ်သိမ်းရန် Monde Selection ထံ စာရေးသားပေးပို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Info Birmanie နှင့် JFM တို့က ပြီးခဲ့သည့် ဩဂုတ်လအတွင်း စာရေးသားပေးပို့ တောင်းဆိုခဲ့မှုအပေါ် Monde Selection က ယင်းအဖျော်ယမကာကုမ္ပဏီများသည် မြန်မာစစ်အုပ်စုနှင့်ပတ်သက် ဆက်နွှယ်နေမှုကို မသိရှိခဲ့ကြောင်းနှင့် Info Biranie နှင့် Justice For Myanmar တို့၏ အကြောင်းကြားစာရရှိပြီးနောက် အလျင်အမြန် အရေးယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန် ပြောကြားထားသည်။

ထို့ပြင် Monde Selection က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ ဒဂုံအဖျော်ယမကာကုမ္ပဏီနှင့် Myanmar Brewery တို့ထံ စာရေးသားပေးပို့ အကြောင်းကြားခဲ့ပြီးနောက် Monde Selection Quality Award လိုဂိုကို ဆက်လက်အသုံးပြုခွင့်မပြုတေ့ကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။

စစ်အုပ်စုပိုင် အဖျော်ယမကာကုမ္ပဏီများက Dagon Lager Beer၊ Dagon Extra Strong၊ Dagon Royal Rum၊ Dagon Malta Fresh ၊ Dagon Fresh Lemon Sparkling ၊ Myanmar Beer၊ Black Shield နှင့် Andaman Gold တို့ကို ထုတ်လုပ်ဖြန့်ချိနေခြင်းဖြစ်ပြီး စစ်အုပ်စုကုမ္ပဏီ MEC နှင့် MEHL တို့ကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ကလည်း စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်တပ်ပိုင်လုပ်ငန်းစုကြီး လက်အောက်ရှိ အဖျော်ယမကာကုမ္ပဏီ (၂) ခုကို Monde Selection က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်မှုနှင့်ပတ်သက်၍ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့က မြန်မာစစ်အုပ်စုအား ဒဏ်ခတ်ပိတ်ဆို့ အကောင်အထည်ဖော်နေမှုအေပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်း Info Birmanie ၏ ညှိနှိုင်းရေးမှူးဖြစ်သူ Johanna Chardonnieras နှင့် JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထောက်ပြ ပြောဆိုထားသည်။

နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများ၌လည်း စစ်အုပ်စုထုတ်ကုန်များကို မသုံးစွဲကြရန် တိုက်တွန်းနှိုးဆော်မှုများရှိနေပြီး ရောင်းချခြင်းမှုမျာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားကာ သယ်ယူပို့ဆောင်မှုကို စစ်ဆေးတွေ့ရှိပါက အရေးယူမှုများလည်း ရှိနေသည်။

By RNA Editor