RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် တောင်ပြိုမှုများကြောင့် ဒေသတွင်းပြည်သူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က ယနေ့ (စက်တင်ဘာ ၂၈ ရက်) ထုတ်ပြန်ထားသည်။
ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် လောင်းလုံမြို့နယ်မှ ဒေသခံပြည်သူ (၁၀) ဦး၊ ထားဝယ်မြို့နယ်တွင် (၁၀) ဦး၊ သရက်ချောင်းမြို့နယ်တွင် (၁) ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကျေးရွာပေါင်း (၆၀) ကျော် ရေနစ်မြုပ်မှုများရှိနေကြောင်း သိနေရသည်။
ယင်းဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသူ ၉၃၀) ကျော်ရှိနေပြီး နေအိမ် (၅၀) ထက်မနည်း ထိခိုက်ပျက်စီးကာ လမ်းတံတား (၁၀) ခုထက်မနည်း ပျက်စီးခဲ့ကြောင်း၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကညင်ချောင်းရွာတံတားလည်း ပျက်စီးခဲ့ပြီး ကားလမ်းခရီး လမ်းပိုင်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း TNF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယနေ့နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေကြီးမှုနှင့် တောင်ပြိုမှုများရှိနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်များကို အထူးဂရုပြုကြရန်နှင့် အန္တရာယ်ရှိသည့်နေရာများမှ အမြန်ဆုံးရွှေ့ပြောင်းကြရန် TNF အသိပေးတိုက်တွန်းထားသည်။
ရေဘေးသင့်ပြည်သူများအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ လိုအပ်နေကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် နေရာများသည် လက်ရှိ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်း အကြွင်းအကျန်များနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကိုလည်း အထူးသတိပြုကြရန်လည်း TNF က အသိပေးထားသည်။