RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် (၁၀) ရက်အတွင်း ရခိုင်ပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းပြန်ကြားရေးက စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
AA တပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ရသေ့တောင်၊ ဝီရဌာနီ (ပေါက်တော)၊ ဂွ၊ ကျောက်တော်၊ အဉ္ဇနပူရ (မင်းပြား) တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၁၆) ဦးတွင် (၁) နှစ်အရွယ်၊ (၈) နှစ်အရွယ်နှင့် (၁၄) နှစ်အရွယ် ကလေးငယ် (၃) ဦးတို့ ပါဝင်ခဲ့ပြီး ကျောက်တောမြို့နယ် ဒေသခံ (၂) ဦး၊ ပုဏ္ဏားကျွန်းနှင့် မင်းပြားမြို့နယ်တို့မှ ဒေသခံ (၂) ဦးတို့ ပြင်းထန်ဒဏ်ရာရရှိထားပြီး စိုးရိမ်ရကြောင်း သိရသည်။
စစ်အုပ်စုက စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာ နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံဆေးခန်းနှင့် စစ်ဘေးရှောင်ပြည်သူများရှိရာနေရာကို Y12၊ ဂျက်ဖိုက်တာလေယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်လုပ်ဆောင်နေကြောင်း သိရသည်။