RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။
ကရင်နီပြည်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်သည် စက်တင်ဘာ (၂၇) ရက် ညနေ (၆) နာရီ (၄၅) မိနစ်၌ ကွယ်လွန်သွားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ထားသည်။
KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင်လည်းဖြစ်သည့် အသက် (၇၆) နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်သည် ကျန်းမာရေးချို့ယွင်းမှုကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ရဲဘော် နနဲပလိုးက Red News Agency ကို ပြောသည်။
ဗိုလ်မှူးကြီးဘုန်းနိုင်၏ နာရေးအခမ်းအနားကို စက်တင်ဘာ (၃၀) ရက်တွင် ကရင်နီပြည်နယ်စပ်တစ်နေရာ၌ မြေမြှုပ်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထားသည်။
ပြီးခဲ့သည့် ဩဂုတ် (၃၀) ရက်ကလည်း KNPP အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်ဆန်းမြင့် ကျောက်ကပ်ရောဂါဝေဒနာဖြင့် ကွယ်လွန်ခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် KNPP အမြဲတမ်းပါတီ ဗဟိုကော်မတီဝင်တစ်ဦး ကျန်းမာရေးချို့ယွင်းမှုကြောင့် ထပ်မံကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။