🔴 [UPDATE] ရခိုင် ၉၂ ရာခိုင်နှုန်းကို AA ထိန်းချုပ် | ကာမ အရှုပ်တော်ပုံနဲ့ ကျောင်းထိုင် ဖမ်းဆီးခံရ

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ခရိုင် (၈) ခု ဖွဲ့စည်းပြီး ရခိုင် ပြည်နယ်၏ (၉၂) ရာခိုင်နှုန်းကျော်ကို AA တပ်တော် ထိန်းချုပ်ထားတယ်ဆိုတဲ့သတင်း၊ ငွေကြေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတို့နဲ့ နာမည်ဆိုးထွက်ခဲ့တဲ့ အယုဒ္ဓယကျောင်းထိုင် ဆရာတော်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်း၊ တွေ့ဆုံဆွေးနွေးရန် တစ်ဖက်အဖွဲ့အစည်းက KIA ထံ စာပေးပို့ခဲ့တယ်ဆိုပေမဲ့ ဗိုလ်မှူးကြီး နော်ဘူ အတည်မပြုထားဘူးဆိုတဲ့ သတင်း၊ ရနောင်းမှ မြန်မာနိုင်ငံသား (၁၀၀၀) ကျော် နေရပ်ပြန်ပို့ခံရသည့်သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 အယုဒ္ဓယ ကျောင်းထိုင်ဆရာတော် ငွေကြေးနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ Wat Phutthaisawan ရှေးဟောင်းကျောင်းတော်မှ အသက် (၆၆) နှစ်အရွယ် ကျောင်းထိုင်ဆရာတော်ကို ဘတ် (၉၂) သန်းကျော် ငွေကြေးအလွဲသုံးစားလုပ်မှုနှင့် အမျိုးသမီးတစ်ဦးနှင့် မလျော်ကန်သော ပတ်သက်မှု စွပ်စွဲချက်များဖြင့် ထိုင်းရဲတပ်ဖွဲ့ (CIB) က ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးလိုက်သည်။ ၎င်းနှင့် ပတ်သက်ဆက်နွယ်သူ အသက် (၄၇) နှစ်အရွယ် အမျိုးသမီးကိုပါ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေသည်။

📌 ရခိုင်ပြည်နယ်၏ (၉၂) ရာခိုင်နှုန်းကျော်ကို ULA/AA ထိန်းချုပ်ထား

ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၄) ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းယူထိန်းချုပ်ထားသည့် ULA/AA သည် ပြည်နယ်၏ (၉၂ ဒသမ ၆) ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ခရိုင် (၈) ခု ဖွဲ့စည်းကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) ၏ ယန္တရားများဖြင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို အရှိန်မြှင့်လည်ပတ်နေကြောင်း ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။

📌 တွေ့ဆုံဆွေးနွေးရန် စာပေးပို့မှုအပေါ် ဗိုလ်မှူးကြီး နော်ဘူ အတည်မပြု

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် စစ်အုပ်စု၏ NSPNC က စက်တင်ဘာ (၄) ရက်စွဲဖြင့် KIA ထံ စာပေးပို့ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် ကြားသိရခြင်းမရှိသေးကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Red News Agency သို့ ပြောကြားခဲ့သည်။

📌 ရွှေကူတွင် ကမ်းကပ်ထားသည့် သင်္ဘောအချို့ ဟန့်တားခံရပြီး (၂) စီး ပြင်းထန်စွာပျက်စီး

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ညအိပ်ရပ်နားရန် ကမ်းကပ်ထားသည့် ထောက်ပို့သင်္ဘောအချို့ကို ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်ပိုင်း၌ KIA ပူးပေါင်းတပ်များက နည်းပညာမြင့်ယာဉ်ပျံများ (ဒရုန်းများ) အသုံးပြုကာ ကြားဖြတ်ဟန့်တားခဲ့ရာ သင်္ဘော (၂) စီး ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။ ယင်းနောက်ပိုင်း ရွှေကူမြို့အနီးတဝိုက်သို့ ဝေဟင်မှ အင်အားသုံးမှုများ ရှိနေကြောင်း သိရသည်။

📌 ပလက်ဝ ပညာရေးသင်ကြားမှု၌ နှစ်သက်ရာဘာသာရပ် ရွေးချယ်နိုင်ကြောင်း ULA/AA အသိပေး

ပလက်ဝမြို့နယ်အတွင်း Grade 12 မြန်မာဘာသာရပ်ကို ရခိုင်ဘာသာဖြင့် ပြောင်းလဲသင်ကြားမှုအပေါ် ကန့်ကွက်မှုများရှိလာပြီးနောက်၊ ယင်းသင်ရိုးတွင် ရခိုင်-မြန်မာ (၂) ဘာသာဖြင့် ပြဌာန်းထားပြီး ကျောင်းသားကျောင်းသူများအနေဖြင့် အတင်းအဓမ္မမဟုတ်ဘဲ မိမိနှစ်သက်ရာကို လွတ်လပ်စွာ ရွေးချယ်သင်ယူခွင့်ရှိကြောင်း အာရက္ခအမျိုးသားပညာရေးဌာနက ရှင်းလင်းပြောကြားလိုက်သည်။

📌 ရနောင်းမှတဆင့် မြန်မာနိုင်ငံသား (၁၀၀၀) ကျော် နေရပ်ပြန်ပို့ခံရ

ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလဆန်းပိုင်းအထိ ထိုင်းနိုင်ငံ ရနောင်းရေကြောင်းမှတဆင့် ကော့သောင်းသို့ လွှဲပြောင်းပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား (၁၀၉၇) ဦးအထိ ရှိလာပြီဖြစ်သည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းကလည်း (၉၆) ဦး ထပ်မံပြန်ပို့ခံခဲ့ရပြီး ပြန်ပို့ခံရသူများထဲမှ အမျိုးသားများကို တစ်ဖက်အဖွဲ့အစည်းက အတင်းအဓမ္မ ခေါ်ဆောင်မှုများ ပြုလုပ်မည်ကို အရပ်ဖက်အဖွဲ့အစည်းများက စိုးရိမ်လျက်ရှိသည်။

လွတ်လပ်တဲ့ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ ပြည်သူတွေ သိသင့် သိထိုက်တဲ့ ဆောင်းပါးတွေ၊ ဝေဖန်သုံးသပ်ချက်တွေကိုလည်း ဆက်လက်တင်ဆက်ပေးနေမှာ ဖြစ်ပါတယ်ရှင်။ ကြည့်ရှု နားဆင် ပေးကြတဲ့ ပရိတ်သတ်များ အားလုံးနဲ့ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများအားလုံး စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

#RedNewsAgency #RedNews #RNA

By Editor