🔴 [UPDATE] NUG ဦးဆောင်မှုမှ နုတ်ထွက်ပြီး YLA တည်ထောင် ၊ ၁၇၀၀ ကျော်ကို NUG ဆုတံဆိပ်များ ချီးမြှင့်

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ NUG ဦးဆောင်မှုကို အယုံအကြည်မရှိတဲ့အတွက် နုတ်ထွက်ခြင်းမဟုတ်ဘူးလို့ YLA ပြောကြားလိုက်တဲ့သတင်း၊ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပါအဝင် ၁၇၀၀ ကျော်ကို NUG က စစ်ဘက်ဆိုင်ရာ ဘွဲ့၊ ဆုတံဆိပ်များ ချီးမြှင့်လိုက်တဲ့သတင်း၊ တစ်ဖက်အဖွဲ့အစည်းထံ အလင်းဝင်ရောက်သူမှာ မြင်းခြံ Black Tiger က ရဲဘော်မဟုတ်ဘူးလို့ MBT တာဝန်ရှိသူ ပြောကြားလိုက်တဲ့သတင်း အပါအဝင် စိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 ကိုဂျင်မီအပါအဝင် တော်လှန်ရေးရဲဘော် (၁၇၀၀) ကျော်ကို NUG ဘွဲ့တံဆိပ်များ ချီးမြှင့်

နွေဦးတော်လှန်ရေးခေါင်းဆောင် ကိုဂျင်မီ(ခ)ကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်နှင့်တကွ တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားခဲ့သည့် ရဲဘော်များနှင့် တာဝန်ထမ်းဆောင်ဆဲ ရဲဘော် (၁၇၉၂) ဦးအား စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။ ယင်းအထဲတွင် ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို KIA စစ်ဦးစီးချုပ်ဟောင်း R.ခေါင်လွန်းအား ချီးမြှင့်ခဲ့ပြီး ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့သည် ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိသူများတွင် ပါဝင်သည်။

📌 ရေဦးမြို့နယ် တင်းတိန်ရံရွာ ဝေဟင်မှ အင်အားသုံးခံရသဖြင့် ၇ ဦး အသက်ဆုံးရှုံး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိန်ရံရွာကို စက်တင်ဘာ (၇) ရက် ညနေပိုင်းက ရဟတ်ယာဉ်များဖြင့် ဝေဟင်မှ အင်အားသုံးခဲ့ခြင်းကြောင့် ကားစက်ပြင်လုပ်ငန်းနေရာမှ အရပ်သားပြည်သူ (၇) ဦး အသက်ဆုံးရှုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦး ပကဖ က ထုတ်ပြန်သည်။

📌 အလင်းဝင်ရောက်သူမှာ ၎င်းတို့အဖွဲ့မှ မဟုတ်ကြောင်း MBT ငြင်းဆို

တစ်ဖက်အဖွဲ့အစည်းထံ အလင်းဝင်ရောက်သွားသူများထဲတွင် မြင်းခြံ Black Tiger (MBT) မှ မိုင်းတာဝန်ခံတစ်ဦး ပါဝင်သည်ဟု ထုတ်ပြန်မှုသည် မဟုတ်မှန်ကြောင်း MBT တာဝန်ခံ ဗိုလ်မိုက်ခဲက ငြင်းဆိုသည်။ ဓာတ်ပုံပါ ယူနီဖောင်းမှာလည်း ၎င်းတို့တပ်ဖွဲ့၏ ဝတ်စုံမဟုတ်ဘဲ၊ ၎င်းတို့၏ မိုင်းတာဝန်ခံသည် တပ်ဖွဲ့တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အတည်ပြုထားသည်။

📌 ပြည်သူ့ပါတီမှ လွှတ်တော်အမတ် (၂) ဦးကိုဖယ်ရှားပြီး ကြံ့ခိုင်ရေးဖြင့် အစားထိုး

ပြည်သူ့ပါတီမှ တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကို ရပ်ဆိုင်းပြီး ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူများကို အစားထိုးခန့်အပ်ကြောင်း UEC က ထုတ်ပြန်သည်။ ကြံ့ခိုင်ရေးပါတီဘက်မှ ကန့်ကွက်လွှာတင်သွင်းမှုကို (၆) လကြာ ကြားနာစစ်ဆေးပြီးနောက် ယခုကဲ့သို့ အစားထိုးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

📌 ပလက်ဝတွင် ရခိုင်ဘာသာဖြင့် သင်ကြားခြင်းအပေါ် GKO ကန့်ကွက်

ပလက်ဝမြို့နယ်အတွင်း Grade-12 ပညာရေးသင်ရိုးညွှန်းတမ်း၌ မြန်မာစာဘာသာရပ်အစား ရခိုင်ဘာသာဖြင့် ပြောင်းလဲသင်ကြားမှုသည် ဒေသခံ ခူမီးချင်းလူမျိုးများအပေါ် မထီမဲ့မြင်ပြုရာရောက်ကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (GKO) က ကန့်ကွက်ရှုတ်ချထားသည်။

📌 NUG ဦးဆောင်မှုကို အယုံအကြည်မရှိ၍ နုတ်ထွက်ခြင်းမဟုတ်ဟု YLA ရှင်းလင်း

NUG MOD လက်အောက်မှ နုတ်ထွက်ခဲ့သည့် ဂန့်ဂေါခရိုင်မှ တပ်ရင်း (၃) ရင်းသည် MOD ၏ ဦးဆောင်မှုကို အယုံအကြည်မရှိ၍ (သို့) ပဋိပက္ခဖြစ်၍ နုတ်ထွက်ခြင်းမဟုတ်ဘဲ၊ ယောဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ယောလွတ်မြောက်ရေးတပ်တော် (YLA) က ထုတ်ပြန်ရှင်းလင်းသည်။

📌 ထိုင်းတွင် စစ်မှုထမ်းစနစ် လျှော့ချကာ ဆန္ဒအလျောက်ဝင်လိုသူများကို ခေါ်ယူမည်

ထိုင်းနိုင်ငံသားများအနေဖြင့် မိမိဆန္ဒအလျောက် စစ်တပ်၌ (၄) နှစ်စာချုပ်ဖြင့် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်သည့်စနစ်ကို စက်တင်ဘာ (၁၀) ရက်မှစတင်ကာ လစာ၊ ခံစားခွင့်များဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသည် မဖြစ်မနေ စစ်မှုထမ်းရမည့်စနစ်ကို လျှော့ချပြင်ဆင်လိုသောကြောင့် ဖြစ်သည်။

📌 စစ်ခေါင်းဆောင် ကမ္ဘောဒီးယားနှင့် အခြားအာဆီယံနိုင်ငံများသို့ ဆက်လက်သွားရောက်မည်

ဗီယက်နမ်ခရီးစဉ်အပြီးတွင် ကမ္ဘောဒီးယားနှင့် အခြားအာဆီယံနိုင်ငံများသို့ ဆက်လက်သွားရောက်ကာ ဆက်ဆံရေးတိုးမြှင့်ရန် အစီအစဉ်ရှိကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အတည်ပြုပြောကြားထားသည်။

#RedNewsAgency #RedNews #RNA

By Editor